လီဗာပူးမှာ နည်းပြအန်းစလော့နဲ့ သူ့အကြား ဆက်ဆံရေးပျက်ပြားသွားပြီလို့ ဖွင့်ဟလာတဲ့ မိုဆာလက်
မိုဆာလက်က လီဗာပူးမှာ သူ့အပေါ် သစ္စာဖောက်သလို ခံစားနေရပြီး နည်းပြအန်းစလော့နဲ့ သူ့အကြား ဆက်ဆံရေး ပျက်ပြားသွားပြီလို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။
လိဒ်ယူနိုက်တက်နဲ့ တစ်ဖက်သုံးဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အတွင်း လီဗာပူးအသင်းရဲ့အရန်ခုံတန်းမှာ ပွဲချိန်ပြည့်ရှိနေခဲ့ပြီးနောက် မိုဆာလက်က ကလပ်အသင်းရဲ့လတ်တလောအခြေအနေတွေအကြား သူ့ရဲ့စိတ်ပျက်နေမှုကို အံ့အားသင့်ဖွယ်အင်တာဗျူးအစီအစဉ်တစ်ခုမှာ ဖွင့်ဟခဲ့ပါတယ်။
လိဒ်နဲ့ပွဲစဉ်အတွင်း အဖြစ်အပျက်တွေကို “မယုံကြည်နိုင်ဘူး” ဆိုတဲ့ မှတ်ချက်စကားအတွက် ရှင်းလင်းပေးဖို့ တောင်းဆိုလာချိန် မိုဆာလက်က “ မိနစ် ၉၀ ပြည့် အရန်ခုံမှာ ကျွန်တော် ထိုင်နေရပါတယ်။ ဒီလိုမျိုးအရန်ခုံမှာ ပွဲချိန်ပြည့်ရှိနေရတာ ဒုတိယအကြိမ်လို့ ထင်ပါတယ်။ ဒါမျိုးကို ကစားသမားဘဝသက်တမ်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ကျွန်တော် ကြုံတွေ့ရတာပါ။
ကျွန်တော် အရမ်းစိတ်ပျက်မိပါတယ်။ ဒီကလပ်အသင်းအတွက် နှစ်တွေအများကြီး ကျွန်တော် ပေးဆပ်ခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ဘောလုံးရာသီမှာပေါ့။ အရန်ခုံထိုင်နေရတာ ဘာကြောင့်လဲဆိုတာ ကျွန်တော် မသိပါဘူး။
ကလပ်အသင်းကိုယ်တိုင် ကျွန်တော့်အပေါ် သစ္စာဖောက်သွားသလို ခံစားရပါတယ်။ ဒါ ကျွန်တော့်ရဲ့ခံစားချက်ပါ။
တစ်စုံတစ်ဦးက ကျွန်တော့်ကိုပဲ အပြစ်တင်စေချင်တယ်ဆိုတာ အလွန်ထင်ရှားပါတယ်။ ကလပ်အသင်းက ပြီးခဲ့တဲ့နွေရာသီမှာ ကျွန်တော့်ဆီ ကတိကဝတ်တွေ အများကြီးပေးခဲ့ပေမယ့် အခုတော့ ကျွန်တော်က သုံးပွဲလောက် အရန်ခုံထိုင်နေရပါတယ်။ ဒါကြောင့် သူတို့တွေ ကတိတည်တယ်လို့ ကျွန်တော် မပြောနိုင်ပါဘူး။
ဒီမတိုင်ခင်မှာ ကျွန်တော်နဲ့ နည်းပြအကြား ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု ရှိခဲ့ပြီး ရုတ်တရက်ဆိုသလိုပဲ ကျွန်တော်တို့အချင်းချင်းအကြား ဆက်ဆံရေးတစ်ခုမရှိတော့သလို ဖြစ်သွားပါတယ်။ ဘာကြောင့် ဒီလိုဖြစ်သွားတယ်ဆိုတာ ကျွန်တော်မသိပါဘူး။
တစ်စုံတစ်ဦးကတော့ ကျွန်တော့်ကို ကလပ်အသင်းမှာ မရှိနေစေချင်တော့ဘူးလို့ပဲ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ ထပ်ပြောပါရစေ၊ ဒီကလပ်အသင်းကို ကျွန်တော် အမြဲတမ်းအားပေးနေသလို ကျွန်တော်ရဲ့ရင်သွေးတွေလည်း အားပေးနေပါတယ်။ ဒီကလပ်အသင်းကို ကျွန်တော် အရမ်းချစ်သလို အမြဲတမ်းလည်း အားပေးသွားပါမယ်”လို့ ပြောပါတယ်။
ဒါ့အပြင် မိုဆာလက်က အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမတိုင်ခင် ဘရိုက်တန်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ဟာ သူ့ရဲ့လီဗာပူးကစားသမားဘ၀ နောက်ဆုံးပွဲစဉ် ဖြစ်လာနိုင်တယ်လို့ ဆွေးနွေးခဲ့ပါတယ်။
မိုဆာလက်က “ ဘရိုက်တန်နဲ့ပွဲစဉ်ကို ကျွန်တော့်ရဲ့မိဘတွေ ကိုယ်တိုင်ကိုယ်ကျလာကြည့်ပေးကြဖို့ ဖုန်းဆက်ရင်း ပြောဖြစ်ခဲ့ပါတယ်။ ပွဲကစားရသည်ဖြစ်စေ၊ ပွဲမကစားရသည်ဖြစ်စေ ကျွန်တော့်အတွက် အရေးမကြီးပါဘူး။ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ဖြတ်သန်းသွားပါမယ်။
ဘာတွေဆက်ဖြစ်လာမလဲဆိုတာပဲ ကျွန်တော်တို့ စောင့်ကြည့်သွားရပါမယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့အတွေးထဲမှာတော့ ပွဲကစားခွင့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဒီပွဲစဉ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းသွားဖို့ပဲ ရှိပါတယ်။ အခုတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကျွန်တော် မသိသေးပါဘူး။
ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ မသိရှိရသေးလို့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရှိလာချိန် အန်ဖီးလ်မှာ ပရိသတ်တွေကို နှုတ်ဆက်သွားချင်ပါတယ်။
ဘောလုံးမှာ ဘာဖြစ်လာမလဲဆိုတာ မသိနိုင်ပေမယ့် လက်ရှိအခြေအနေတွေကိုတော့ မျှတတယ်လို့ ကျွန်တော် မယူဆပေးနိုင်ပါဘူး”လို့ ဆက်ပြောပါတယ်။