ပီအက်စ်ဂျီနဲ့ပွဲမှာ အမှားလုပ်လို့မရကြောင်း ဘိုင်ယန်အသင်းသားတွေကို ကွန်ပနီသတိပေး
ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့်ကွန်ပနီက ချန်ပီယံလိဂ်အမှတ်ပေးဇယားကို ထိပ်ဆုံးကနေဦးဆောင်ထားတဲ့ ပီအက်စ်ဂျီနဲ့ထိပ်တိုက်တွေ့ဆုံရာမှာ ပြီးပြည့်စုံတဲ့ခြေစွမ်းကို ပြသနိုင်ဖို့လိုအပ်တာကြောင့် အမှားလုပ်လို့မရကြောင်း အသင်းသားတွေကို သတိပေးစကားဆိုလာခဲ့ပါတယ်။
လက်ရှိချန်ပီယံလိဂ် ၃ ပွဲကစားပြီးချိန်မှာ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်တို့ဟာ ပွဲစဉ်တိုင်းကို အနိုင်ရထားတာကြောင့် ရမှတ်တူ၊ ဂိုးကွာခြားချက်တူနဲ့ အမှတ်ပေးဇယားကို ထိပ်ဆုံးကနေဦးဆောင်ထားကြတာဖြစ်ပါတယ်။ ဒါကြောင့် အခုလို ထိပ်ဆုံးက ၂ သင်းထိပ်တိုက်တွေ့ဆုံတဲ့ပွဲစဉ်ဟာ အလွန်အရေးကြီးကြောင်း ကွန်ပနီကပြောကြားလာခဲ့တာဖြစ်ပါတယ်။
နှစ်သင်းစလုံးဟာ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲမှာလည်း ပါဝင်နေပါတယ်။ အော်ပတာ စူပါကွန်ပြူတာရဲ့ ခန့်မှန်းချက်အရ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံဆုကို ထပ်မံရယူဖို့ ၁၄% အထိ အခွင့်အရေးရှိပြီး၊ ဘိုင်ယန်မြူးနစ်ကတော့ ၁၁% အထိရှိနေတာဖြစ်ပါတယ်။
ဒါ့အပြင် ကွန်ပနီရဲ့အသင်းဟာ ရာသီအစမှာ ပြိုင်ပွဲစုံ ၁၅ ပွဲဆက်တိုက်နိုင်ပွဲ ရရှိထားပြီး ဥရောပရဲ့ ထိပ်တန်းလိဂ်ကြီး ၅ ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် စံချိန်တင်ထားပါတယ်။
ဘိုင်ယန်ဟာ ပီအက်စ်ဂျီနဲ့ နောက်ဆုံးထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ၄ ပွဲဆက်တိုက် နိုင်ပွဲရရှိထားပြီး အိမ်ကွင်းမဟုတ်တဲ့ပွဲ စဉ် ၂ ပွဲလည်း အပါအဝင် ဖြစ်တာကြောင့် သမိုင်းကြောင်းကလည်း ဘိုင်ယန်ဘက်မှာ ရှိနေပါတယ်။
ကွန်ပနီက "ကျွန်တော်တို့ ဒီပွဲကိုနိုင်ရမယ်လို့ ယုံကြည်ထားပါတယ်။ ပြီးပြည့်စုံတဲ့ခြေစွမ်းကိုရရှိဖို့ အမှားကင်းကင်းနဲ့ကစားသွားရပါမယ်။ သူတို့က လက်ရှိချန်ပီယံတွေဖြစ်ပြီး အသင်းကောင်းတစ်သင်းလည်းဖြစ်ပေမယ့် ကျွန်တော်တို့မှာနိုင်ဖို့ အခွင့်အရေးတွေရှိပါတယ်။ ဒီပွဲမှာနိုင်ရင် ၁၆ သင်းအဆင့်ကိုတိုက်ရိုက်တက်ရောက်နိုင်ဖို့ ကျွန်တော်တို့အတွက်အခြေအနေကောင်းသွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။