The network connection is lost.

Banner Image

ဖလော်ရီယန်ဝစ်ဇ်ရဲ့ရုန်းကန်နေရမှုနဲ့ သူ့ကို ချန်လှပ်ထားရခြင်းအကြောင်းရင်းကို ရှင်းပြခဲ့တဲ့ အန်းစလော့

အန်းစလော့က လီဗာပူးကစားသမားဘဝ၊ အထနှေးနေတဲ့ ဖလော်ရီယန်ဝစ်ဇ်အပေါ် ကာကွယ်ပေးခဲ့ပါတယ်။
၂၀၂၃-၂၀၂၄ ရာသီ၊ လေဗာကူဆင်ရဲ့အမှတ်ပေးချန်ပီယံအောင်ပွဲမှာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ရရှိခြင်းအပါအဝင် ဘွန်ဒက်စ်လီဂါမှာ အထင်ကြီးလောက်စရာကောင်းအောင် စွမ်းဆောင်ပြခဲ့တဲ့ ဖလော်ရီယန်ဝစ်ဇ်က အန်ဖီးလ်ဆီရောက်ရှိလာပြီးနောက်ပိုင်း အဲ့ဒီလိုပုံစံမျိုးလုပ်ပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။
ဖလော်ရီယန်ဝစ်ဇ်က အခုအချိန်အထိ လီဗာပူးအသင်းအတွက် ပရီးမီးယားလိဂ်ဂိုးပါဝင်ပတ်သက်မှု မပြုလုပ်နိုင်သေးပါဘူး။ ဒါ့အပြင် အန်းစလော့က သူ့ကို ထိပ်တန်းလိဂ်ပွဲစဉ်လေးခုအတွက် အရန်လူစာရင်းမှာသာ ထည့်သွင်းခဲ့ပါတယ်။
တနင်္လာနေ့သတင်းစာရှင်းလင်းပွဲအတွင်း အန်းစလော့က “ နောက်ဆုံးလေးပွဲမှာ တစ်ပွဲလောက်တော့ ဖလော်ရီယန်ဝစ်ဇ် ပွဲထွက်ခွင့်ရသင့်တယ်လို့ ခင်ဗျားတို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ သူက အခုရာသီမှာ ရှစ်ပွဲ၊ ကိုးပွဲ၊ ၁၀ ပွဲ၊ ၁၁ ပွဲလောက်အထိ ပွဲထွက်ခွင့်ရရှိပြီးပြီဆိုတာလည်း ခင်ဗျားတို့ ပြောရပါမယ်။ ဆင်ခြေမဟုတ်ဘဲ အခြေအနေတွေ ဘယ်လိုရှိသလဲဆိုတာကို ကျွန်တော် အများကြီးပြောပြခဲ့ပြီးပါပြီ။ ကျွန်တော်တို့မှာ အနားယူချိန်မရရှိဘဲ ခုနစ်ရက်အတွင်း သုံးပွဲ ကစားခဲ့ရပါတယ်။
မတူညီတဲ့လိဂ်တစ်ခုမှရောက်ရှိလာတဲ့ ကစားသမားတစ်ဦးအတွက် ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းက ပိုပြီး ပြင်းထန်နေမယ်ဆိုတာကို လူတိုင်း သဘောတူကြပါလိမ့်မယ်။ စကားမစပ်… ဘွန်ဒက်စ်လီဂါလည်း အရမ်းကောင်းတဲ့လိဂ်ပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါပဲဖြစ်ဖြစ်၊ ပရီးမီးယားလိဂ်ပဲဖြစ်ဖြစ် ထိပ်တန်းပွဲစဉ်တိုင်းက အတူတူပါပဲ။
ဒါကို ကြည့်လိုက်မယ်ဆိုရင် ဖလော်ရီယန်ဝစ်ဇ်က ပွဲစဉ်တွေ အများကြီးကစားခဲ့ပြီးပါပြီ။ ဒါပေမဲ့ သူ့အတွက်ပဲဖြစ်ဖြစ်၊ သူ့အသင်းဖော်တွေအတွက်ပဲဖြစ်ဖြစ် အဆုံးသတ်ရလဒ်တွေနဲ့ပတ်သက်လို့ ကံမကောင်းခဲ့ပါဘူး”လို့ ပြောပါတယ်။
လီဗာပူးက ဒီညမှာတော့ ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဧည့်ခံကစားရဖို့ရှိပြီး ကြိုးကြာနီတွေရဲ့ မတည်ငြိမ်တဲ့စွမ်းဆောင်ရည်ပိုင်းကြောင့် အတော်လေးအန္တရာယ်များမယ့် ပွဲစဉ်တစ်ခု ဖြစ်ပါတယ်။
အန်းစလော့ကတော့ နောက်ဆုံးခုနစ်ပွဲမှာ ခြောက်ပွဲရှုံးနိမ့်ပြီးနောက် အက်စတွန်ဗီလာကို နှစ်ဂိုးပြတ်နိုင်ပွဲကြောင့် ဖလော်ရီယန်ဝစ်ဇ်အပါအဝင် အားလုံးရဲ့ကံကြမ္မာတွေ အလှည့်အပြောင်းဖြစ်လာလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
အန်းစလော့က “ ကျွန်တော့်အတွက်တော့ ဖလော်ရီယန်ဝစ်ဇ်က မျှော်လင့်ထားသမျှအရာတွေ သယ်ဆောင်လာခဲ့ပြီးပြီလို့ ထင်ပါတယ်။ သူက အသင်းအတွက် ဖန်တီးမှုတွေ အများကြီးပြုလုပ်ခဲ့ပြီး သူ့ရဲ့သွင်းဂိုးတွေလည်း ရောက်ရှိလာပါလိမ့်မယ်။ အသက် ၂၂ နှစ်၊ ၂၃ နှစ်အရွယ်မှာ တခြားလိဂ်တစ်ခုဆီ ရောက်ရှိလာပြီး သုံးရက်တစ်ပွဲနှုန်းကစားရရင် အဲ့ဒီပြင်းထန်မှုနဲ့ လိုက်လျောညီထွေဖြစ်အောင် အချိန်အနည်းငယ်ယူရပါလိမ့်မယ်။ ဒါကိုလည်း အံ့သြနေမယ့်သူရှိတယ်လို့ မထင်ပါဘူး။ ကြားထဲမှာ နှစ်ရက်ပဲ အနားရခဲ့ပါတယ်။
ဂရာဗန်ဘတ်ချ်ကိုယ်တိုင်လည်း ဒီလိုပြင်းထန်မှုနဲ့ လိုက်လျောညီထွေဖြစ်အောင် အချိန်အတော်ယူခဲ့ရပါတယ်။ ဖလော်ရီယန်ဝစ်ဇ်ထက်တောင် အချိန်ပိုကြာတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”လို့ ပြောပါတယ်။