
အမ်ဘာပေ ရွှေဖိနပ်ဆုရရှိဖို့ အကူအညီပေးသွားမယ်လို့အခိုင်အမာအပြောကြားလာတဲ့ ဗင်နီစီးယက်စ်
ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဗင်နီစီးယက်စ်ဂျူနီယာက အသင်းဖော်တိုက်စစ်မှူး ကီလီယန်အမ်ဘာပေဟာ တစ်ဦးချင်းဆုတံဆိပ်တွေဆွတ်ခူးဖို့ အသင်းသို့ရောက်ရှိလာတာဖြစ်လို့ ပြိုင်ပွဲတိုင်းမှာ ရွှေဖိနပ်ဆုရရှိစေဖို့ အကူအညီပေးသွားမယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ဗင်နီစီးယက်စ်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ အားအကိုးရဆုံးကစားသမားစာရင်းမှာပါဝင်ထားနိုင်ပြီး အသင်းအတွက် စုစုပေါင်း ဂိုး ၁၀၀ ကျော်သွင်းယူပေးထားကာ ချန်ပီယံလိဂ်နဲ့ လာလီဂါဆုဖလားတွေကိုလည်း ဆွတ်ခူးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ဘရာဇီးလက်ရွေးစင်ဟာ ပြီးခဲ့တဲ့နွေရာသီက ပီအက်စ်ဂျီမှ ပြောင်းရွှေ့လာခဲ့တဲ့ အသင်းဖော်သစ် အမ်ဘာပေအတွက်လည်း ဂိုးဖန်တီးမှုတွေ အများအပြားပြုလုပ်ပြီး အကူအညီပေးထားနိုင်တာဖြစ်ပါတယ်။
ဗင်နီစီးယက်စ်ဟာ လက်ရှိအချိန်မှာတော့ ရီးရဲလ်မက်ဒရစ်ရဲ့ ဘယ်တောင်ပံနေရာမှာကစားနေပြီး အမ်ဘာပေက တိုက်စစ်မှူး နေရာမှာ ပြောင်းလဲကစားနေတာဖြစ်ပါတယ်။ အမ်ဘာပေအနေနဲ့ ဗဟိုတိုက်စစ်မှူး နေရာသို့ စတင်ပြောင်းလဲကစားကာစမှာ အခက်အခဲအချို့ ကြုံတွေ့ ခဲ့ရပြီး ဂိုးပေါက်ပျောက်ဆုံးမှုတွေ ကြုံတွေ့ခဲ့ပေမယ့် ယခုအခါမှာတော့ ရီးရဲလ်မက်ဒရစ်အတွက် လာလီဂါသွင်းဂိုး ၁၂ ဂိုးအပါအဝင် ပြိုင်ပွဲစုံ ၁၉ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ အမ်ဘာပေက လာလီဂါဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ ဘာစီလိုနာတိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးနောက် ဒုတိယနေရာမှာသာ ရပ်တည်ထားနိုင်ပေမယ့် ဝင်နီစီးယက်စ်ကတော့ သူ့ရဲ့အသင်းဖော်ကို ရွှေဖိနပ်ဆုဆွတ်ခူးနိုင်စေဖို့ ကူညီသွားမယ်လို့ဆိုပါတယ်။ ဘရာဇီးသားက “ကျွန်တော်တို့ ၃ ယောက်က အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားတွေပါ။ ဂိုးသွင်းဖို့နဲ့ ပန်ထိုးမှုတွေပြုလုပ်နိုင်ဖို့ တာဝန်ရှိပါတယ်။ အမ်ဘာပေနဲ့ တွဲကစားရလို့ အရမ်းပျော်ပါတယ်”
“ဘယ်နေရာမှာဖြစ်ဖြစ် အစပိုင်းမှာ ခက်ခဲတာကတော့ ထုံးစံပါပဲ။ အမ်ဘာပေအနေနဲ့လည်း ဒီလိုပဲကြုံတွေ့ခဲ့ရပေမယ့် ကစားသမားကောင်းတစ်ယောက်ဖြစ်လို့ အခုချိန်မှာတော့ ဂိုးတွေအများကြီးသွင်းထားနိုင်ပါပြီ။ ကျွန်တော်နဲ့ရိုဒရီဂိုကတော့ အမ်ဘာပေ ပြိုင်ပွဲတိုင်းမှာ ရွှေဖိနပ်ဆုကိုဆွတ်ခူးနိုင်စေဖို့ အကူအညီပေးသွားမှာပါ။ အမ်ဘာပေဒီကိုရောက်လာတာ ဒီဆုတွေအတွက်ပါပဲ” လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ဗင်နီစီးယက်စ်ဟာ ရီးရဲလ်မက်ဒရစ်အတွက် ၂၄ ဂိုးသွင်းယူပြီး ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ပေမယ့် ဘောလွန်းဒီအော်ဆုနဲ့တော့ လွဲချော်ခဲ့ပါတယ်။ လာလီဂါပွဲ ၂၀ ကစားပြီးနောက်မှာ ရီးရဲလ်မက်ဒရစ်အနေနဲ့ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကို ရယူထားနိုင်ပေမယ့် အဆင့် ၁ ကနေပြန်မကျစေဖို့ လာမယ့် ဗယ်လာဒိုးလစ်နဲ့ပွဲစဉ်မှာ မဖြစ်မနေ အနိုင်ကစားသွားဖို့ လိုအပ်နေပါတယ်။