
ဂျော်အိုဖီးလစ်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ ချဲလ်ဆီးဆီ သတင်းစကားပါးလာတဲ့ အီဗရာဟီမိုဗစ်
အခုနွေရာသီကာလအတွင်း ချဲလ်ဆီးရဲ့ဂျော်အိုဖီးလစ်ကို အပြီးသတ်ခေါ်ယူသွားရန်အတွက် အေစီမီလန်အနေဖြင့် တံခါးဖွင့်လှစ်ထားပါတယ်လို့ ဇလာတန်အီဗရာဟီမိုဗစ်က ပြောခဲ့ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးက စတမ်းဖို့ဒ်ဘရစ်ချ်ကလပ်နဲ့ စိတ်ပျက်ဖွယ်ပထမရာသီဝက်အပြီး ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ စီးရီးအေကလပ်ဆီ အငှားဖြင့် ရောက်ရှိလာခဲ့ပါတယ်။
ချဲလ်ဆီးက အက်သလက်တီကိုမက်ဒရစ်ထံ ဂျော်အိုဖီးလစ်ကို ခေါ်ယူနိုင်ရေးအတွက် ပြီးခဲ့တဲ့နွေရာသီကာလမှာ ပေါင် ၄၅ သန်း ပေးချေခဲ့ရပေမယ့် အသက်-၂၅ နှစ်အရွယ်ကစားသမားရဲ့တိုက်စစ်စွမ်းရည်နဲ့ ကိုးလ်ပယ်လ်မာရှိနေခြင်းတို့ကြောင့် ကစားသမားကိုပွဲထွက်ခွင့်ပေးဖို့ အမြဲလိုလိုအခက်တွေ့နေခဲ့ပါတယ်။ ဂျော်အိုဖီးလစ်က လန်ဒန်ကလပ်အတွက် ပရီးမီးယားလိဂ်သုံးပွဲသာ ပွဲထွက်ခဲ့ရပြီးနောက် စီးရီအေအမှတ်ပေးဇယားသတ္တမနေရာမှာရှိနေတဲ့ အေစီမီလန်ဆီ ပြောင်းရွှေ့ဖို့ သဘောတူခဲ့ပါတယ်။
ဒီနေရာမှာ ဂျော်အိုဖီးလစ်ကို အပြီးသတ်ခေါ်ယူဖို့အတွက် အေစီမီလန်အသင်းမှာ တာဝန်မရှိပေမယ့် ကလပ်အသင်းအကြီးအကဲနဲ့ ဘောလုံးအိုင်ကွန်ဖြစ်သူ အီဗရာဟီမိုဗစ်ကတော့ ‘အရာရာတိုင်းဖြစ်နိုင်ချေရှိတယ်’ လို့ အတိအလင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ကလပ်အသင်းအတွက် အကျိုးသက်ရောက်မှုနည်းပါးနေတဲ့ ဂျော်အိုဖီးလစ်ကို အပြီးသတ်ရောင်းချဖို့ ချဲလ်ဆီးက ဆန္ဒရှိနေနိုင်ပေမယ့် လွန်ခဲ့တဲ့ ၁၂ လတာကာလက သုံးစွဲခဲ့ရတဲ့ ပေါင် ၄၅ သန်းထက်မနည်းတဲ့ ငွေကြေးတွေကို အားလုံးနီးပါး ပြန်လည်ရရှိဖို့ စိတ်အားထက်သန်နေပါတယ်။
အေစီမီလန်အနေဖြင့် လာမယ့်နွေရာသီမှာ ဂျော်အိုဖီးလစ်ကို အပြီးသတ်ခေါ်ယူသွားဖို့ စဉ်းစားလာနိုင်မလားဆိုတဲ့ မေးခွန်းကို အီဘရာဟီမိုဗစ်က “အရာရာတိုင်းဖြစ်နိုင်ချေရှိပါတယ်။ ဂျော်အိုဖီးလစ်ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို မြင်တွေ့ရဖို့ ကျွန်တော်တို့တွေ သူ့အပေါ် ယုံကြည်ပေးရပါလိမ့်မယ်။ ဒီနောက်မှာ အရာရာတိုင်း ဖြစ်လာနိုင်ချေရှိပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
ဂျော်အိုဖီးလစ်က ချဲလ်ဆီးမှာ လအနည်းငယ်ကြာ ရုန်းကန်ခဲ့ရပေမယ့် အေစီမီလန်အတွက် ပွဲဦးထွက်ဖြစ်တဲ့ ရိုးမားကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ မီလန်မြေဆီ ပေါ်တူဂီသားရောက်ရှိလာမှုနဲ့ပတ်သက်လို့ အီဘရာဟီမိုဗစ်က “ ဂျော်အိုဖီးလစ်က သူ့ကိုယ်သူ မှော်ဝင်ဂိုးတစ်ဂိုးနဲ့ မိတ်ဆက်ပြီးပြီဆိုပေမယ့် ဒီနေ့မှာ သူ့ကို ကြိုဆိုပါတယ်လို့ ပြောရပါမယ်။
သူက အရည်အချင်းရှိပြီး အတွေ့အကြုံလည်း ကြွယ်ဝပါတယ်။ဒါပေမယ့် သူက ငယ်ရွယ်ပြီး အများကြီးတိုးတက်လာနိုင်ပါသေးတယ်။ ခံစစ်ပိတ်ကစားတဲ့အသင်းတွေနဲ့ ရင်ဆိုင်ချိန်မှာ တိုက်စစ်နဲ့ ကွင်းလယ်ကြား ပေါင်းကူပေးနိုင်မယ့် ကစားသမားတစ်ဦးကို ကျွန်တော်တို့ ရှာဖွေတွေ့ရှိခဲ့ပါပြီ။ သူက ဒီအပိုင်းမှာတော့ မတူကွဲပြားမှုကို ဖန်တီးပေးနိုင်ပါတယ်။ သူက မှော်ဆန်တဲ့ကစားသမားတစ်ဦးဖြစ်ပြီး ခင်ဗျားတို့မှာ ရှိနေတဲ့အရာရော၊ မရှိတဲ့အရာပါ သူ့မှာ ရှိနေပါတယ်။ ဒီအတွက် သူ့ရဲ့အရည်အသွေးတွေက သက်သေပြနေပြီး ကျွန်တော်တို့လည်း ကျေနပ်အားရမိပါတယ်။ အခုတော့ သူကိုယ်တိုင် အကောင်းဆုံးလုပ်နိုင်မယ့် အနေအထားတစ်ရပ်ဆီ ကျွန်တော်တို့ တွန်းပို့ပေးသွားရပါမယ်”လို့ ပြောပါတယ်။