The network connection is lost.

Banner Image

အခြားကမ်းလှမ်းမှုတွေကို ပယ်ချကာ အေစီမီလန်ဆီပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပုံအကြောင်း ဖွင့်ဟလာတဲ့ မိုဒရစ်

အေစီမီလန်ကစားသမားအဖြစ် ပထမဆုံးအကြိမ်မိတ်ဆက်ခြင်းပြီးဆုံးသွားချိန် ခရိုအေးရှားကွင်းလယ်လူက အခြားသောကမ်းလှမ်းမှုတွေကို ငြင်းဆန်ပယ်ချဖြစ်ခဲ့ပုံအကြောင်း ရှင်းပြသွားပါတယ်။ ကိုယ်ရည်ကိုယ်သွေးမရှိဘူးဆိုရင် ချန်ပီယံတစ်ဦးဖြစ်လာဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။ ရီးရဲလ်မက်ဒရစ်မှထွက်ခွာလာပြီးနောက် မကြာသေးမီကပဲ မီလန်မြေဆီရောက်ရှိလာတဲ့ မိုဒရစ်ကတော့ ခေါင်းဆောင်သူတစ်ဦးအဖြစ် သတင်းစကားတွေဖြန့်ဝေပေးရင်း အလုပ်တွေများနေခဲ့ပါပြီ။ ခရိုအေးရှားကြယ်ပွင့်က Milan TV နဲ့တွေ့ဆုံချိန် ယမန်နှစ်ဘောလုံးရာသီ၊ စိတ်ပျက်ဖွယ်ကိစ္စတွေကို ထားရစ်ကာ အေစီမီလန်အသင်းရဲ့ရည်မှန်းချက်တွေကို အခမ်းနားဆုံးပုံစံဖြင့် အကောင်အထည်ဖော်သွားဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်ဖို့ဆိုရင် အီတာလျံကလပ်အသင်းက မိုဒရစ်ရဲ့စရိုက်လက္ခဏာနဲ့ အတွေ့အကြုံတွေကို အသုံးချဖို့ အခွင့်အရေးရှိလာပါပြီ။ မိုဒရစ်ဆိုတာ ငယ်စဉ်ကတည်းက ချန်ပီယံအသွေးအသားတွေနဲ့ ပြည့်နှက်နေခဲ့သူဖြစ်ပြီး မီလန်စကြဝဋ္ဌာကြီးအတွက် သံစဉ်တွေကို ချက်ချင်းဆိုသလို ကျူးရင့်ပေးနိုင်မယ့် အရည်အချင်းတွေ ရှိနေပြန်ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့အတူ ၁၃ နှစ်တာကာလကို ဖြတ်သန်းပြီးနောက် မိုဒရစ်က မက်ဒရစ်အခြေစိုက်ကလပ်ရဲ့ ဂန္တဝင်တစ်ဦးဖြစ်လာပြီး သမိုင်းတလျှောက်အကောင်းဆုံးကွင်းလယ်ကစားသမားစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ခရိုအေးရှားမှော်ဆရာကိုယ်တိုင်လည်း လာမယ့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်အထိ ယှဉ်ပြိုင်မှုကမ္ဘာမှာ ဆက်ရှိနေဖို့ ရည်မှန်းထားခဲ့ပြီး ငယ်စဉ်ကတည်းက ကြိုက်နှစ်သက်ရတဲ့ ဥရောပထိပ်တန်းကလပ်အသင်းဆီ ပြောင်းရွှေ့နိုင်ဖို့ လစာခံစားခွင့်များစွာကို ဖြတ်တောက်ခံခဲ့ရပါတယ်။ အသက်-၃၉ နှစ်အရွယ်ကစားသမားက သူ့ရဲ့နည်းပြဟောင်းအန်ဆယ်လော့တီဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်-၁၄ ဂျာစီကိုဆင်မြန်းကာ အသင်းအတွက် ဦးဆောင်သူတစ်ဦးအဖြစ် တာဝန်ယူသွားလိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန်ရှုမြင်ထားကြပါတယ်။

သူ့ရဲ့ခရီးစဉ်သစ်နဲ့ပတ်သက်ပြီး ပြောဆိုသံတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပေမယ့် မိုဒရစ်ကတော့ ကလပ်အသင်းသစ်မှာ အကောင်းဆုံးစွမ်းဆောင်နိုင်လိမ့်မယ်လို့ အမြင့်ဆုံးအဆင့်အထိ ယုံကြည်နေပါတယ်။ တော့တင်ဟမ်ကစားသမားဟောင်းက “ ပထမဦးဆုံးအနေနဲ့ လူတိုင်းအပေါ်လေးစားမှုအပြည့်ဖြင့် ကျွန်တော် ဒီကလပ်အသင်းဆီ ရောက်ရှိလာတာပါလို့ ပြောချင်ပါတယ်။ ကိုယ့်ရဲ့နေရာအတွက် အပြင်းအထန်ကြိုးစားရင်း တက်နိုင်သလောက် အသင်းဖော်တွေကို ကူညီပေးကာ ကျွန်တော့်ရဲ့အောင်ပွဲဆာလောင်စိတ်ကို သယ်ဆောင်လာချင်ပါတယ်။ ဒါက မလွယ်ကူပါဘူး။ ကြိုးကြိုးစားစားနဲ့ တိုက်ပွဲဝင်သွားရပါမယ်။

ကျွန်တော်က ဥရောပဘောလုံးရပ်ဝန်းမှာပဲ ဆက်ကစားချင်ခဲ့ပါတယ်။ အခြားကလပ်အသင်းတွေရဲ့ကမ်းလှမ်းမှု ရရှိပေမယ့် အေစီမီလန်ရဲ့ဆက်သွယ်မှုကို ရရှိလာချိန် ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်က ရှင်းလင်းသွားခဲ့ပါတယ်။ အားကစားဒါရိုက်တာကိုယ်တိုင် အသင်းရဲ့စီမံကိန်းတွေကို ရှင်းပြပေးဖို့ ခရိုအေးရှားအထိ လာရောက်ခဲ့တာကလည်း ကျွန်တော့်ကို အထင်ကြီးလေးစားစေပါတယ်။ ဒါက ကျွန်တော့်အတွက် အလွန်အရေးကြီးခဲ့သလို သူတို့တွေ ကျွန်တော့်ကို ဘယ်လောက်အထိလိုအပ်နေသလဲဆိုတာကို ပြသပေးခဲ့ပါတယ်။ အေစီမီလန်ဆိုတာ ဥရောပထိပ်တန်းကလပ်အသင်းတွေအနက် တစ်ခု ဖြစ်ပါတယ်။

သာမန်လောက်နဲ့ပဲ ကျေနပ်နေလို့ မရပါဘူး။ ဖြစ်နိုင်ခြေရှိသမျှ အမြင့်ဆုံးပန်းတိုင်အထိ မိမိကိုယ်ကိုယ် သတ်မှတ်ပေးထားရပါလိမ့်မယ်။ ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းတွေနဲ့ရင်ဆိုင်ရင်း ဆုဖလားတွေ အနိုင်ရရှိဖို့ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော် ဒီကလပ်အသင်းမှာ ရောက်ရှိနေတာပါ။

ကလေးဘဝကတည်းက စီးရီးအေပွဲစဉ်များစွာကို ကြည့်ရှုခဲ့ဖူးပြီး မီလန်ကတော့ အကြိုက်ဆုံးအသင်း ဖြစ်ပါတယ်။ အခု ခရိုအေးရှားနိုင်ငံဆီပြန်ရောက်ရှိချိန်မှာလည်း ကမ္ဘာ့အထင်ရှားဆုံးကလပ်အသင်းတစ်ခုဖြစ်တဲ့ အေစီမီလန်ရဲ့ပွဲစဉ်တွေကို ကြည့်ရှုခဲ့ပါတယ်။ ကျွန်တော့်ရဲ့စံပြပုဂ္ဂိုလ်ဖြစ်တဲ့ ဘိုဘန်လည်း အေစီမီလန်မှာ ကစားခဲ့ဖူးပါတယ်။ အခု ကျွန်တော် အရမ်းပျော်ရွှင်နေပြီး ခရီးစဉ်သစ်စတင်ဖို့ မစောင့်ဆိုင်းနိုင်တော့ပါဘူး။

ကျွန်တော့်အတွက် အရေးအကြီးဆုံးအရာက ပွဲစဉ်တွေနဲ့ ဘောလုံးအပေါ်မှာထားရှိတဲ့ ချစ်ခြင်းမေတ္တာဆိုတာ အမြဲတမ်းပြောခဲ့ဖူးပါတယ်။ ဒီအတိုင်း အခုအချိန်အထိ ရှိနေသေးပြီး ကျွန်တော့်ရဲ့ခန္ဓာကိုယ်အတွင်းမှာ လောင်ကျွမ်းတောက်ပနေဆဲပဲလို့ ခံစားရပါတယ်။ ဒီအချက်တွေကပဲ ကျွန်တော့်ကို မောင်းနှင်ပေးနေတာပါ။ ပြီးရင်တော့ ကျန်းမာကြံ့ခိုင်တဲ့လူနေမှုပုံစံတစ်ခုနဲ့အတူ အကောင်းဆုံးပုံစံ ဖြစ်နေဖို့ ကိုယ်တိုင်အပတ်တကုတ် ကြိုးစားပြင်ဆင်သွားပါမယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကုန်မတိုင်ခင်အထိ ရီးရဲလ်မက်ဒရစ်နဲ့အတူ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဆင်နွှဲခဲ့တဲ့ မိုဒရစ်က အခုလနှောင်းပိုင်းမှာ အသင်းဖော်သစ်တွေနဲ့ပူးပေါင်းပြီး ရာသီကြိုလုပ်ငန်းတာဝန်တွေကို ထမ်းဆောင်သွားပါလိမ့်မယ်။အယ်လီဂရီရဲ့အသင်းက စီးရီးအေရာသီသစ်မစတင်ခင် အာဆင်နယ်၊ လီဗာပူး၊ ပါ့သ်ဂလိုရီ၊ လိဒ်ယူနိုက်တက်၊ ချဲလ်ဆီးတို့နဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေ ယှဉ်ပြိုင်ကစားသွားပါမယ်။