အယ်လ်ချီပွဲမှာ ဗင်နီစီးယက်စ်ကို အရန်ခုံထိုင်ခိုင်းခဲ့ရတဲ့အကြောင်းအရင်းအပေါ် ထုတ်ဖော်ပြောဆိုခဲ့တဲ့ အလွန်ဆို
ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီအလွန်ဆိုက အယ်လ်ချီနဲ့ပွဲစဉ်မှာ ဗင်နီစီးယက်စ်ကို အရန်ခုံမှာထားခဲ့ခြင်းရဲ့အကြောင်းအရင်းကို ထုတ်ပြောလာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ စိတ်ပျက်စရာကောင်းတဲ့ စွမ်းဆောင်ရည်ကြောင့် အဆိုပါပွဲစဉ်မှာ ၂-၂ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အလွန်ဆိုက ဗင်နီစီးယက်စ်ကို အရန်ခုံမှာထားခဲ့ပြီး ဒုတိယပိုင်းအတွင်း အသင်းက ဂိုးလိုအပ်နေတဲ့အချိန်မှသာ လူစားလဲဝင်ရောက်ကစားစေခဲ့ပါတယ်။
စပိန်သားက ဒီပွဲစဉ်အတွင်း ဂိုးသွင်းဖို့ရုန်းကန်နေရတဲ့ ရိုဒရီဂိုကို ကီလီယန်အမ်ဘာပေနဲ့အတူ တိုက်စစ်မှာ တွဲဖက်ကစားစေဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီး မီဒီယာတွေကို ပြောကြားရာမှာ ဇာဘီ အလွန်ဆိုက "ဗင်နီ အရန်ခုံမှာလား? ကျွန်တော် သူနဲ့စကားပြောခဲ့ပြီး ဒီနေ့ သူ့ရဲ့အခန်းကဏ္ဍကို သူနားလည်ခဲ့ပါတယ်။ သူက အသင်းအတွက် အာရုံစိုက်ထားပါတယ်"လို့ တိုတိုတုတ်တုတ်သာ ပြောသွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အိုလံပီယာကို့စ်ကို အဝေးကွင်းမှာ ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။