
ဗယ်လ်ဗာဒီကို လီဗာပူးအသင်းဖော်ဟောင်းတစ်ဦးနဲ့ နှိုင်းယှဉ်သုံးသပ်ပြခဲ့တဲ့ ဇာဘီအလွန်ဆီ
ရီးရဲလ်မက်ဒရစ်နည်းပြဇာဘီအလွန်ဆိုက ဗယ်လ်ဗာဒီကို သူ့ရဲ့လီဗာပူးအသင်းဖော်ဟောင်း စတီဗင်ဂျရတ်နဲ့ အတော်လေးတူညီတဲ့ ကစားသမားတစ်ဦးလို့ နှိုင်းယှဉ်သုံးသပ်ခဲ့ပါတယ်။ အလွန်ဆိုနဲ့ ဂျရတ်က ချန်ပီယံလိဂ်သမိုင်းတလျှောက် အကျော်ကြားဆုံးညတစ်ခုအဖြစ် မှတ်တမ်းဝင်နေတဲ့ ၂၀၀၅ ခုနှစ်၊ အစ္စတန်ဘူလ်သမိုင်းဝင်အောင်ပွဲမှာ လီဗာပူးအတွက် သွင်းဂိုးတွေကို ရယူပေးခဲ့ပြီး ချန်ပီယံလိဂ်ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။
နှစ်ပေါင်း ၂၀ ကြာမြင့်လာချိန်မှာတော့ ဂျရတ်လိုမျိုး မှော်ဝင်မှုတစ်ခုဆီမှ အကျိုးအမြတ်ရရှိလာနိုင်သူကတော့ ကလပ်ကမ္ဘာ့ဖလားအောင်ပွဲဆွတ်ခူးလိုနေတဲ့ ရီးရဲလ်မက်ဒရစ်ဖြစ်လာပါတယ်။ ကလပ်ကမ္ဘာ့ဖလားလက်ရှိချန်ပီယံတွေက ကွာတားဖိုင်နယ်အဆင့်မှာ ဒေါ့မွန်နဲ့ရင်ဆိုင်ကစားရဖို့ရှိနေပြီး ဒီပွဲစဉ်မှာလည်း အခုလအတွင်း အသက်-၂၇ နှစ်ပြည့်မြောက်မယ့် ဗယ်လ်ဗာဒီရဲ့အစွမ်းအစတွေကို မြင်တွေ့သွားရပါဦးမယ်။
အလွန်ဆိုက “ စတီဗင်ဂျရတ်ဆီမှာ မြင်တွေ့ခဲ့ရတဲ့အရာတွေကို ဗယ်လ်ဗာဒီဆီမှာလည်း မြင်တွေ့နေရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းမှာရှိနေတဲ့ ပုံသဏ္ဍာန်နဲ့ ဟန်ချက်အရ ဗယ်လ်ဗာဒီက ကွင်းလယ်ခံစစ်နှစ်ယောက်တန်းမှာ နေရာယူပြီး ကွင်းရဲ့အခြားနေရာတွေဆီ ကူးပြောင်းရောက်ရှိသွားပါတယ်။ ဗယ်လ်ဗာဒီက အရှိန်အဟုန်မြှင့်တင်ပြီး ပြိုင်ဘက်တွေကို အလွယ်တကူကျော်ဖြတ်နိုင်သလို မီတာ ၃၀ လောက် အကွာအဝေးမှတဆင့် ကန်ချက်တွေလည်း ပြုလုပ်နိုင်ပါတယ်။ ကျွန်တော်တို့က သူ့ကို အဲ့ဒီနေရာမှာ အသုံးပြုနေပြီး အတော်လေး အလုပ်ဖြစ်ပါတယ်။ သူ့ရဲ့အရည်အသွေးတွေကို ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ သူ့ရဲ့အကောင်းဆုံးအကျင့်စရိုက်က ဘောလုံးကို နောက်ပြန်ပေးမနေဘဲ ရှေ့အထိ ဆွဲတက်လာတာပဲ ဖြစ်ပါတယ်။ အခုဆို ဗယ်လ်ဗာဒီက နှစ်ဂိုးသွင်းယူထားပါတယ်။ သူက ပြိုင်ဘက်ဂိုးဧရိယာအနီးဆုံးနေရာအထိ သွားရောက်ပြီး အသင်းရဲ့အရှိန်အဟုန်ကို မြှင့်တင်ပေးနိုင်ပါတယ်”လို့ ပြောပါတယ်။