အာဆင်နယ်ကို ပြီးပြည့်စုံစေမယ့် စတား ၂ ဦးနာမည်ကို ထုတ်ဖော်ပြောကြားလိုက်တဲ့ အီယန်ရိုက်
အာဆင်နယ်ဂန္ထဝင်ဟောင်း အီယန်ရိုက်က အသင်းဟောင်းအနေနဲ့ လာမယ့်ဇန်နဝါရီမှာ အိုမာမာမွတ်ရှ် နဲ့ လွတ်ခ်မန်းတို့ကို ခေါ်ယူသင့်တယ်လို့ အကြုံပြုလိုက်ပါတယ်။ အာဆင်နယ်ဟာ ၁၇ ပွဲကစားပြီးချိန်မှာ အဆင့် ၃ နေရာမှာရပ်တည်နေပြီး ထိပ်ဆုံးနေရာက လီဗာပူးအသင်းနဲ့ ၆ မှတ်ကွာဟနေသလို ၁ ပွဲလက်ကျန်လည်းရှိနေသေးတာဖြစ်ပါတယ်။
အောက်တိုဘာ နဲ့ နိုဝင်ဘာမှာ ရလဒ်တွေဆိုးဝါးခဲ့ပြီးနောက် အာဆင်နယ်ဟာ အခုနောက်ပိုင်းမှာမှပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။ ပဲလေ့စ်ကို ၅-၁ နဲ့အနိုင်ရခဲ့ပေမယ့်လည်း အာဆင်နယ်အတွက် ဒဏ်ရာပြဿနာတွေရှိလာခဲ့တာဖြစ်ပါတယ်။ အဆိုပါအနေအထားမှာ ပရိသတ်တွေကလည်း လာမယ့်ဆောင်းဈေးကွက်မှာ လူအင်အားဖြည့်တင်းဖို့ အလိုရှိနေကြပါတယ်။
အာဆင်နယ်စတားဟောင်း ရိုက်ကလည်း အသင်းဟောင်းအနေနဲ့ လာမယ့်ဈေးကွက်မှာ လိုအပ်တဲ့နေရာတွေကို အားဖြည့်ရမယ်လို့ ထောက်ပြခဲ့ပါတယ်။
“ကျွန်တော် အာဆင်နယ်ကိုပြီးပြည့်စုံတဲ့ကစားသမား ၂ ဦးတွေ့ထားပါတယ်။ တစ်ဦးက ဖရန့်ဖတ်က အိုမာဖြစ်ပြီး နောက်တစ်ဦးက အတ္တလန္တာက လွတ်ခ်မန်းပါ။ ကျွန်တော် ဒီကစားသမား ၂ ဦးအကြောင်းကြားမိပါတယ်။
ပြီးတော့ တကယ်လည်းသွားကြည့်ဖြစ်ခဲ့ပါတယ်။ သူ (အိုမာ) ဖန်တီးပေးမှုတွေက တကယ်ကောင်းပါတယ်။ ထောင့်ကန်ဘောတွေလည်း ကန်နိုင်ပါတယ်။ သူ့မှာ တကယ်ကောင်းတဲ့နေရာလွတ်ရှာဖွေနိုင်စွမ်းရှိပါတယ်။ သူတို့ကိုကြည့်လိုက်ပါ။ ပြီးတော့ သူတို့ကစားနေတာတွေက အာဆင်နယ်လိုအပ်တာနဲ့ ကိုက်ညီပါတယ်။ အာဆင်နယ်သာ သူတို့ကိုခေါ်ယူနိုင်လိုက်မယ်ဆိုရင် တကယ်ကောင်းလာမှာပါ”လို့ အီယန်ရိုက်က ပြောကြားခဲ့ပါတယ်။ ရိုက်က လွတ်ခ်မန်းတစ်ယောက် အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုရယူနိုင်ခဲ့စဉ်မှာ ဂုဏ်ပြုခဲ့သေးတာဖြစ်ပါတယ်။
“မှန်ပါတယ်။ ဒါပေမယ့် အဲ့တာက ကျွန်တော်ဆန္ဒရှိတာပါ။ အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုရခဲ့တဲ့အတွက် ဂုဏ်ပြုချင်ပါတယ်။ သူက တကယ့်အံ့ဖွယ်ပါ။ ဂုဏ်ပြုပါတယ် အဒီမာလိုရေ။ တကယ့်သမိုင်းကြောင်းကောင်းတစ်ခုပါ။ ကျွန်တော် ရုပ်သံမှတ်တမ်းအနည်းငယ်မြင်လိုက်ရပါတယ်”လို့ ရိုက်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
မီဒီယာနဲ့အင်တာဗျူးမှာ အာတီတာက “လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ အရမ်းအလုပ်များမယ်လို့ မထင်မိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ စောင့်ဆိုင်းပြီး ကြည့်ရပါဦးမယ်။ အချို့စပရိုက်တွေလာနိုင်ပါတယ်။ ကျွန်တော်တို့ အဲ့တာတွေပြင်ဆင်ထားပါတယ်။ အခွင့်အရေးအချို့ရှိလာခဲ့ရင် လုပ်ဆောင်သွားမှာပါ။ အသင်းလူအင်အားက ပြီးခဲ့တဲ့ရက်အနည်းငယ်လောက်မှာ ကောင်းမွန်လာပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။