
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နောက်ဆုံးမိနစ်အထိ တိုက်ပွဲဝင်သွားရမယ်လို့ ဆိုတဲ့ ဂွါဒီယိုလာ
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ဖူလ်ဟမ်နဲ့ယှဉ်ပြိုင်သွားရမယ့် ၂၀၂၄-၂၅ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်မှာ နောက်ဆုံးမိနစ်အထိ တိုက်ပွဲဝင်သွားရမှာဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။
လက်ရှိအချိန်မှာ မန်စီးတီးဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာရပ်တည်နေပေမယ့် နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မသေချာသေးပါဘူး။ နယူးကာဆယ်၊ ချဲလ်ဆီး၊ အက်စတွန်ဗီလာနဲ့ နော်တင်ဟမ်ဖောရက်စ်တို့ကလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခွင့်အရေးရှိနေဆဲဖြစ်လို့ မန်စီးတီးအနေနဲ့ ဖူလ်ဟမ်ကိုမရှုံးအောင်ကစားနိုင်ဖို့ လိုအပ်နေပါတယ်။
ယခုနောက်ဆုံးပွဲစဉ်မှာ မန်စီးတီးဟာ ဖူလ်ဟမ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ကွန်မြူနတီဒိုင်းတစ်ခုသာရရှိခဲ့တဲ့ ဆုဖလားလက်မဲ့ရာသီကို ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ချွေးသိပ်နိုင်ဖို့ ကြိုးပမ်းသွားရမှာဖြစ်ပါတယ်။ ယခုအခါမှာ နည်းပြ ဂွါဒီယိုလာကလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အာမ မခံနိုင်သေးတာကြောင့် ဖူလ်ဟမ်နဲ့ပွဲစဉ်မှာ နောက်ဆုံးမိနစ်အထိ တိုက်ပွဲဝင်သွားဖို့လိုတယ်လို့ ပြောကြားလာခဲ့တာဖြစ်ပါတယ်။
စပိန်သားနည်းပြက “ကျွန်တော် ဒီလိုအခြေအနေရောက်လာမယ်ဆိုတာ ကြိုသိပြီးသားပါ။ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားရပါမယ်။ ပွဲကစားချိန် ၉၅ မိနစ်အတွင်း ဘယ်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရမလဲဆိုတာ ဆုံးဖြတ်ပေးသွားမှာပါ။ နောက်ဆုံး မိနစ်၊ နောက်ဆုံး ထောင့်ကန်ဘောအထိ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေရပါမယ်” လို့ပြောကြားခဲ့ပါတယ်။
ဖူလ်ဟမ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ နေရာမှာရပ်တည်နေပေမယ့် အိမ်ကွင်းမှာ အသင်းကြီးတွေကို ဒုက္ခပေးတတ်တာကြောင့် မန်စီးတီးအနေနဲ့ ခက်ခက်ခဲခဲယှဉ်ပြိုင်သွားရဖွယ်ရှိပါတယ်။ အဆိုပါပွဲစဉ်အပြီးမှာတော့ မန်စီးတီးဟာ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်အဖြစ် မော်ရိုကိုကလပ် ဝိုင်ဒတ်နဲ့ ယှဉ်ပြိုင်သွားရပါမယ်။