
ရော်နယ်ဒိုနဲ့သူနဲ့ကြားက ဆက်ဆံရေးအခြေအနေကို ပြောပြလာတဲ့ မက်ဆီ
အင်တာမီယာမီစူပါစတား လီယွန်နယ်မက်ဆီက သူနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့အကြား ဆက်ဆံရေးအခြေအနေဟာ သာမန်သာဖြစ်ကြောင်းနဲ့ ရင်းနှီးတွေမိတ်ဆွေတွေမဟုတ်ကြောင်း ပြောပြလာခဲ့ပါတယ်။ ကမ္ဘာ့ဘောလုံးလောကရဲ့ အတောက်ပဆုံးကြယ်ပွင့် ၂ ပွင့်ဟာ ပြိုင်ဘက်တွေအဖြစ် အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရပေမယ့် တစ်ဦးနဲ့တစ်ဦး ရန်ငြှိုးထားတာမျိုးမရှိခဲ့ဘဲ အားကစားစိတ်ဓာတ်အပြည့်နဲ့ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့မက်ဆီတို့ဟာ စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့မှာ ကစားခဲ့ပြီး လာလီဂါရွှေဖိနပ်ဆုကို ကာလရှည် အပြိုင်လုခဲ့ကြသူတွေလည်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာမှာရောက်ရှိနေပြီး မက်ဆီကတော့ မေဂျာလိဂ်ကလပ် မိုင်ယာမီနဲ့အတူ ကလပ်ကမ္ဘာ့ဖလားမှာ ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။ ကမ္ဘာ့ဘောလုံးပရိသတ်တွေအနေနဲ့ အဆိုပါကစားသမား ၂ ဦးကို တစ်သင်းတည်းမှာတွဲဖက်ကစားတာမျိုး မြင်တွေ့ရဖို့မျှော်လင့်ခဲ့ပေမယ့် လက်ရှိအခြေအနေတွေအရ ပြိုင်ဘက်တွေအဖြစ် ပြန်တွေ့ရဖို့တောင် မလွယ်ကူတော့ပါဘူး။
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီမှာ ရော်နယ်ဒိုအနေနဲ့ ပြိုင်ပွဲဝင်ခွင့်ရကလပ်အသင်းတစ်သင်းနဲ့ ချိတ်ဆက်ဖို့နီးစပ်ခဲ့ပေမယ့် ငြင်းပယ်ခဲ့တာကြောင့် မက်ဆီနဲ့ရင်ဆိုင်ရဖို့ ဝေးကွာခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ ရော်နယ်ဒိုနဲ့ပတ်သက်ပြီး မက်ဆီက "ကျွန်တော့်အနေနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုကို အရမ်းလေးစားပြီး သဘောလည်းကျပါတယ်။ သူလျှောက်ခဲ့တဲ့ ကစားသမားဘဝလမ်းကြောင်းနဲ့ ဆက်လျှောက်နေတဲ့လမ်းကြောင်းက ဘောလုံးလောကရဲ့အမြင့်ဆုံးအဆင့်တွေပါပဲ"
"ကျွန်တော်နဲ့သူနဲ့ကြားက ယှဉ်ပြိုင်မှုက ကွင်းထဲမှာပဲရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့သက်ဆိုင်ရာအသင်းတွေအတွက် အကောင်းဆုံးယှဉ်ပြိုင်ခဲ့ကြတာပါ။ ကွင်းပြင်ပမှာတော့ ကျွန်တော်တို့က သာမန်လူနှစ်ယောက်ပါပဲ။ ကျွန်တော်တို့က မိတ်ဆွေတွေလည်းမဟုတ်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အတူတူအချိန်မဖြုန်းဖူးကြလို့ပါ။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်တော့ လေးစားမှုအပြည့်နဲ့ ဆက်ဆံကြပါတယ်" လို့ပြောကြားခဲ့ပါတယ်။
မက်ဆီနဲ့ရော်နယ်ဒိုတို့ဟာ နှစ်ယောက်ပေါင်း ဘောလွန်းဒီအော်ဆုကို ၁၃ ကြိမ်အထိ ဆွတ်ခူးရရှိထားကြပြီး ရွှေဖိနပ်ဆုတွေလည်း အများအပြား ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။ လက်ရှိအချိန်မှာတော့ ရော်နယ်ဒိုဟာ ကစားသမားဘဝ သွင်းဂိုး ၁ ထောင်ပြည့်မြောက်ဖို့ ဆက်လက်အာရုံစိုက်နေပြီး မက်ဆီကတော့ မီယာမီနဲ့အတူ ကလပ်ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ဖို့ ကြိုးစားနေပါတယ်။