
အာဆင်နယ်နည်းပြဖြစ်ခဲ့ရင် သူခေါ်ယူချင်တဲ့ကစားသမားနာမည်ကို ထုတ်ဖော်ပြောကြားလာတဲ့ အာစင်ဝင်းဂါး
အာဆင်နယ်ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါးက သူ့အနေနဲ့ အာဆင်နယ်နည်းပြဖြစ်နေဆဲဆိုရင် ခေါ်ယူချင်တဲ့ကစားသမားနာမည်ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အာစင်းဟာ အာဆင်နယ်ကို ၁၉၉၆ ကနေ ၂၀၁၈ ကိုင်တွယ်ခဲ့တာဖြစ်ပြီး အာဆင်နယ်သမိုင်းတစ်လျှောက်သက်တမ်းအကြာဆုံးနည်းပြဖြစ်လာခဲ့ပါတယ်။
အသက် ၇၅ နှစ်သားဟာ လက်ရှိမှာ ဖီဖာရဲ့ကမ္ဘာလုံးဆိုင်ရာဘောလုံးတိုးတက်ရေးအမှုဆောင်တာဝန်ကို ထမ်းဆောင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် အာစင်းက သူသာ အာတီတာနေရာမှာဆိုရင် ခေါ်ယူချင်တဲ့ကစားသမားနာမည်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဂိုးသမားဟောင်း ဒေးဗစ်ဆီးမန်းကလည်း အာစင်းဟာ နယူးကာဆယ်တိုက်စစ်မှူး အီဆက်ကိုခေါ်ယူချင်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“လွန်ခဲ့တဲ့ ၃ ပတ်လောက် ကျွန်တော် ပရိဟိတညစာစားပွဲတစ်ခုမှာ အာစင်းနဲ့ညစာစားခဲ့ပါတယ်။ အဲ့မှာ သူ့ကိုမေးခွန်းမေးခဲ့ပြီး အခုနွေမှာ ဘယ်သူ့ကိုခေါ်ချင်လဲဆိုတာကို မေးခဲ့ပါတယ်။ သူက မဆိုင်းမတွပဲ အီဆက်ကိုခေါ်ချင်တယ်လို့ ဖြေခဲ့ပါတယ်”လို့ ဆီးမန်းက ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ အီဆက်ကိုကာလရှည်ခေါ်ယူချင်ခဲ့တာဖြစ်ပြီး နယူးကာဆယ်ဘက်က ပေါင်သန်း ၁၅၀ တောင်းဆိုတာကြောင့် ခက်ခဲနေပါတယ်။ ဘရိုက်တန်ကို သရေကျခဲ့ပြီးနောက် နယူးကာဆယ်နည်းပြ ဟိုဝီက အီဆက်ရဲ့စိတ်ပိုင်းဆိုင်ရာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“သူ(အီဆက်)က ဂိုးသွင်းဖို့ပဲ စိတ်ထဲမှာရှိပါတယ်။ အဲ့တာက အတုယူရမယ့်ကစားသမားမျိုးဆိုတာ ပြသနေပါတယ်။ စိတ်အေးအေးထားတတ်သလို သူက မှန်ကန်တဲ့အရာကိုပဲလုပ်တတ်တဲ့သူပါ”လို့ ဖြေကြားခဲ့ပါတယ်။ အီဆက်ဟာ ပြီးခဲ့တဲ့ရာသီနယူးကာဆယ်အတွက် ပရီးမီးယားလိဂ် ၃၄ ပွဲမှာ ၂၃ ဂိုးသွင်းယူထားနိုင်ခဲ့ပြီး ၆ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ဂျာမိန်းပီးနန့်ကတော့ အာဆင်နယ်အနေနဲ့ အီဆက်ကိုမခေါ်ယူနိုင်ခဲ့ရင် ဗီလာစတား ဝက်တ်ကင်းကိုခေါ်ယူဖို့ တိုက်တွန်းထားပါတယ်။
“အာဆင်နယ်က တိုက်စစ်မှူးလိုအပ်ပါတယ်။ သူတို့မှာ ငွေကြေးတတ်နိုင်တယ်ဆိုရင် အီဆက်ကိုခေါ်ယူသင့်ပါတယ်။ ဒါပေမယ့် အဲ့လိုမှမဟုတ်ရင်တော့ ဝက်တ်ကင်းကိုပဲ ခေါ်ယူသင့်ပါတယ်။ လူတိုင်းက အီဆက်ကိုလိုချင်ကြပါတယ်။ ယေဘုယျအားဖြင့် အီဆက်အတွက်က ပေါင်သန်း ၁၅၀ လောက်အသုံးပြရနိုင်ပါတယ်။
အဲ့လိုမှမဟုတ်ရင် ဝက်တ်ကင်းက အဆင်ပြေနိုင်ပါတယ်။ အာတီတာရဲ့နည်းစနစ်မှာလည်း အံဝင်နိုင်ပါတယ်။ အာဆင်နယ်အနေနဲ့ ဝက်တ်ကင်းကို အီဆက်ရဲ့ထက်ဝက်ကြေးနဲ့ခေါ်ယူလို့ရနိုင်ပါတယ်”လို့ ပီးနန့်က ပြောကြားခဲ့ပါတယ်။