The network connection is lost.

Banner Image

မက်ဒရစ်မှာ ကြီးကျယ်ခမ်းနားတဲ့အရာတွေကို ပြုလုပ်သွားမယ်လို့ ကတိပြုလိုက်တဲ့ အလွန်ဆို

အန်ဆယ်လော့တီနေရာမှာ ဆက်ခံသူအဖြစ် ထွက်ပေါ်လာပြီးနောက် အလွန်ဆိုက ရီးရဲလ်မက်ဒရစ်ကို ရပ်တန့်လို့မရနိုင်တဲ့ အင်အားတစ်ခု ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပြောကြားလိုက်ပါတယ်။

လေဗာကူဆင်မှာ အောင်မြင်တဲ့အခိုက်အတန့်ကာလတစ်ခုကို တည်ဆောက်ခဲ့ပြီးနောက် အသင်းမှထွက်ခွာမယ်လို့ ကြေညာခဲ့ပြီးချိန်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ရီးရဲလ်မက်ဒရစ်ရဲ့ လေ့ကျင့်ရေးကွင်းဆီ ရောက်ရှိလာတဲ့ စပိန်သားက သတင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ စပိန်ဘီလူးကြီးတွေနဲ့ သုံးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ချုပ်ဆိုထားတဲ့ အလွန်ဆိုက နည်းပြဟောင်းအန်ဆယ်လော့တီကို ချီးကျူးဂုဏ်ပြုခဲ့ပြီး ကလပ်အသင်းဆီ ကြီးကျယ်ခမ်းနားတဲ့အရာတွေ ယူဆောင်လာပေးမယ်လို့ ဝန်ခံကတိပြုခဲ့ပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲမှန်သမျှမှာ အောင်မြင်မှုမရဘဲ လမ်းခုလတ်မှထွက်ခွာခဲ့ရတဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီက ရီးရဲလ်မက်ဒရစ်အတွက် စိတ်ပျက်ဖို့အရမ်းကောင်းတဲ့ ဘောလုံးရာသီတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သူတို့တွေက လေဗာကူဆင်နဲ့အတူ ကမ္ဘာ့ဘောလုံးလောကကို အံ့အားသင့်စေခဲ့တဲ့ လူပုဂ္ဂိုလ်နဲ့အတူ ဥရောပနဲ့ စပိန်ဘောလုံးလောကမှာ ထိပ်တန်းအဆင့်ဆီ ပြန်လည်ရောက်ရှိအောင် ကြိုးပမ်းနိုင်ဖို့အတွက် မျှော်လင့်လာပါတယ်။ အသင်းကစားသမားဟောင်းဖြစ်နေတဲ့ အလွန်ဆိုနဲ့  ရီးရဲလ်မက်ဒရစ်တို့အကြား နက်ရှိုင်းတဲ့ဆက်ဆံရေးနဲ့အတူ သူရောက်ရှိလာခြင်းကို ဗျူဟာမြောက်တဲ့လှုပ်ရှားမှုတစ်ခုအဖြစ် ပုံဖော်လာကြပါတယ်။

အလွန်ဆိုက “ ခရီးစဉ်အသစ်အကြောင်းမပြောခင် လတ်တလောပြီးဆုံးသွားပြီဖြစ်တဲ့ ခရီးစဉ်တစ်ခုအကြောင်း ပြောကြားဖို့ ကျွန်တော် မမေ့လျော့ပါဘူး။ ကျွန်တော်က ကျွန်တော့်အပေါ် ကျေးဇူးရှိခဲ့ဖူးတဲ့ နည်းပြဖြစ်သူ အန်ဆယ်လော့တီဆီမှ ရာထူးကို လွှဲပြောင်းရယူခဲ့ပါတယ်။ သူ့ရဲ့ကျွမ်းကျင်မှုနဲ့ သူ့ဆီမှသင်ခန်းစာတွေကို မရရှိခဲ့ဘူးဆိုရင် ကျွန်တော် ဒီနေရာမှာရှိနေမှာမဟုတ်ပါဘူး။ဂုဏ်ယူဝံ့ကြွားစရာအမွေအနှစ်တွေကို ဆက်ခံမှုနဲ့အတူ  ကလပ်အသင်းရဲ့မျှော်လင့်ချက်တွေကို ဆက်လက်ဆုပ်ကိုင်ကာ သွားလိုတဲ့နေရာအထိ ရောက်အောင်ပို့ဆောင်ပေးသွားနိုင်ဖို့ ကျွန်တော် မျှော်လင့်ထားပါတယ်။

ဒီကလပ်အသင်းနဲ့ ပရိသတ်တွေက စုစည်းညီညွှတ်မှုရှိတယ်လို့ ခံစားမိတာကြောင့် ခေတ်သစ်တစ်ခုကို စတင်နေပါပြီ။ကျွန်တော်တို့မှာ အရမ်းကောင်းမွန်တဲ့ပစ္စုပ္ပန်နဲ့ အရမ်းတောက်ပတဲ့အနာဂတ်ကို ပိုင်ဆိုင်ထားတဲ့ ကစားသမားကောင်းတွေ ရှိပါတယ်။ ကျွန်တော်တို့က ကြီးကျယ်ခမ်းနားတဲ့အရာတွေ လုပ်ဆောင်သွားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီနေရာဆီ ရောက်ရှိလာတာပါ။ ပရိသတ်တွေအတွက် စိတ်ခွန်အားတွေ ပေးစွမ်းနိုင်မယ်ဆိုရင် သူတို့ကိုယ်သူတို့လည်း ပျော်ရွှင်လာပါလိမ့်မယ်။ ဒါကို ကျွန်တော်တို့လုပ်ဆောင်နိုင်မယ်ဆိုရင် ကျွန်တော်တို့ကိုယ်တိုင်လည်း မရပ်တန့်နိုင်တဲ့ခွန်အားတစ်ရပ် ဖြစ်လာပါလိမ့်မယ်”လို့ ဆိုပါတယ်။

အလွန်ဆိုက အခုနွေရာသီ၊ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့အသင်းကို ဦးဆောင်သွားဖို့ ပြင်ဆင်ရင်း လတ်တလောအာနိုးလ်ရောက်ရှိလာနိုင်မှုနဲ့အတူ အပြောင်းအရွှေ့ဈေးကွက်မှာ အင်အားဖြည့်တင်းသွားဖို့ မျှော်လင့်နေပါလိမ့်မယ်။