
အလွန်ဆိုရဲ့ အစီအစဉ်တွေကို တဖြည်းဖြည်းနားလည်လာခဲ့ပြီလို့ ဆိုလာတဲ့ ချူအာမန်နီ
ပီအက်စ်ဂျီနဲ့ယှဉ်ပြိုင်သွားရမယ့် ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီမှာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကြယ်ပွင့် ချူအာမန်နီက ယခုနွေရာသီမှာပဲ အသင်းနဲ့စတင်ချိတ်ဆက်ခဲ့တဲ့ နည်းပြဇာဘီအလွန်ဆိုရဲ့ အစီအစဉ်တွေကို တဖြည်းဖြည်းနားလည်လာခဲ့ပြီဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဆီမီးဖိုင်နယ်အဆင့်မှာ ပီအက်စ်ဂျီနဲ့ ထိပ်တိုက်တွေ့ဆုံနေတာဖြစ်ပြီး ဗိုလ်လုပွဲသို့တက်လှမ်းနိုင်ဖို့ မဖြစ်မနေအနိုင်ကစားသွားရပါမယ်။ သို့သော်လည်း ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံးခြေစွမ်းကိုပြသပြီး ဆုဖလားကို ထိုက်ထိုက်တန်တန်ဆွတ်ခူးထားတဲ့ ပီအက်စ်ဂျီအနေနဲ့လည်း တည်ငြိမ်တဲ့ခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်တာကြောင့် ရီးရဲလ်မက်ဒရစ်အတွက်တော့ လွယ်ကူတဲ့ပွဲစဉ်ဖြစ်လာဖို့မရှိပါဘူး။
ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ချူအာမန်နီက “ပီအက်စ်ဂျီနဲ့ပွဲအတွက် ကျွန်တော်တို့ ကောင်းကောင်းပြင်ဆင်ထားပါတယ်။ ဆီမီးဖိုင်နယ်အထိရောက်လာလို့ ဝမ်းသာပေမယ့် ဒီထက်ပိုပြီး လိုချင်ပါသေးတယ်။ ပီအက်စ်ဂျီနဲ့ပွဲမှာ အနိုင်ရဖို့ ကျွန်တော်တို့အစွမ်းကုန်ပေးဆပ်သွားမှာဖြစ်ပြီး ဗိုလ်လုပွဲအထိ တက်လှမ်းသွားပါမယ်” “ပီအက်စ်ဂျီက အရမ်းကောင်းတဲ့အသင်းပါ။ အဲဒီမှာ ကျွန်တော်နဲ့ရင်းနှီးတဲ့ကစားသမားတွေလည်း အများကြီးရှိပါတယ်။ ချန်ပီယံလိဂ်ဖလားကိုရထားတာကြောင့် ကမ္ဘာ့အဆင့်အသင်းတစ်သင်းဆိုတာ ငြင်းလို့မရပါဘူး။ ခက်ခဲတဲ့ပွဲစဉ်ဖြစ်လာမယ်ဆိုပေမယ့် ကျွန်တော်တို့မှာလည်း ဒီပွဲကိုနိုင်ဖို့ လုံလောက်တဲ့အရည်အသွေးရှိပါတယ်” လို့ပြောကြားခဲ့ပါတယ်။
အလွန်ဆိုရဲ့ လမ်းညွှန်မှုနဲ့အတူ ချူအာမန်နီဟာ ရီးရဲလ်မက်ဒရစ်အတွက် ကွင်းလယ်မှာသာမက ရံဖန်ရံခါ နောက်ခံလူအဖြစ်ပါကစားနေရတာဖြစ်ပါတယ်။ သူကစားရတဲ့ နေရာတွေနဲ့ပတ်သက်ပြီးတော့လည်း ပြင်သစ်လက်ရွေးစင်က “ကွင်းလယ်က အရမ်းအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကွင်းလယ်လူတစ်ယောက်က အသင်းရဲ့ ကစားကွက်တိုင်းမှာ ပါဝင်နေရလို့ပါ။ ကျွန်တော့်ရဲ့အလုပ်က အသင်းနဲ့ လိုက်လျောညီထွေဖြစ်အောင်ကစားဖို့ပါပဲ။ ပွဲရဲ့အခြေအနေနဲ့ ပြိုင်ဘက်ရဲ့ကစားဟန်အပေါ်မူတည်ပြီး ကျွန်တော့်ရဲ့ကစားပုံကို ပြောင်းလဲရပါတယ်”
“ကျွန်တော်တို့ တစ်ရက်ပြီးတစ်ရက် အလွန်ဆိုရဲ့အစီအစဉ်တွေကို သဘောပေါက်နားလည်လာခဲ့ပါတယ်။ ပြီးတော့ လက်ထောက်နည်းပြတွေရဲ့အကြောင်းကိုလည်း သိလာပါပြီ။ ကွင်းထဲမှာရော၊ ကွင်းပြင်ပမှာပါ တိုးတက်ဖို့ ကြိုးစားနေပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။