The network connection is lost.

Banner Image

ဘီလ်ဘာအို ပြန်လာနိုင်သေးတယ်လို့ အာမိုရင် ဝန်ခံ

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဘီလ်ဘာအိုကို ၀-၃ နဲ့ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ယခုအခါမှာတော့ ပြိုင်ဘက်အသင်းအနေနဲ့ ပြန်လာနိုင်သေးတယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။ 

ပထမအကျော့ အဝေးကွင်းမှာ ၀-၃ ဆိုတဲ့ရလဒ်အထိပုံဖော်နိုင်ခဲ့ပေမယ့် အာမိုရင်က မကြာသေးမီက အသင်းကြုံတွေ့ခဲ့တဲ့ ရလဒ်တွေနဲ့ချိန်ထိုးပြီး စိတ်ချလို့မရသေးကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ ယခင်ကလည်း သာဓကအနေနဲ့ ကွာတားဖိုင်နယ်အဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ယူနိုက်တက်ဟာ လိုင်ယွန်ကို ပထမပိုင်းအတွင်း ၂-၀ နဲ့ဦးဆောင်ထားရာမှ ၄ ဂိုးအထိ ပြန်ပေးခဲ့ရတာလည်းဖြစ်ပါတယ်။ 

အာမိုရင်က "ကျွန်တော်တို့အသင်းရဲ့ပုံစံက ဘာတွေဖြစ်လာမယ်ဆိုတာ ပြောလိုမရတဲ့အခြေအနေပါ။ အချို့အသင်းတွေက ဒီလိုဂိုးပြတ်နိုင်ထားတဲ့ အခြေအနေကို ထိန်းသိမ်းပြီး ပွဲကို အသားအယာပဲကစားသွားကြပေမယ့် ကျွန်တော်ကတော့ ကျွန်တော်တို့အသင်းဟာ နောက်တစ်ဆင့်ကိုတက်ဖို့ ဒီပွဲမှာ ဂိုးသွင်းရမယ်လို့ထင်ပါတယ်။ ဗိုလ်လုပွဲမှာယှဉ်ပြိုင်ဖို့ အခုကတည်းက တိုက်ပွဲဝင်နေရပါမယ်"

"တစ်ခါတလေမှာ ကျွန်တော်တို့ရဲ့စိတ်ဓာတ်တွေက တူညီပေမယ့် တစ်ခါတလေမှာတော့ စိတ်လွတ်သွားတာတွေရှိတတ်ပါတယ်။ ဒီရာသီ ကျွန်တော်တို့အသင်းကိုကြည့်မယ်ဆိုရင် မဖြစ်နိုင်တာမရှိဘူးဆိုတာ မြင်တွေ့ရပါလိမ့်မယ်။ ဂိုးတစ်ဂိုးက အရာအားလုံးကို ပြောင်းလဲနိုင်တယ်ဆိုတာ နားလည်ထားရပါမယ်။ ပထမအကျော့မှာ ကျွန်တော်တို့ ဂိုးတစ်ဂိုးရပြီးနောက်ပိုင်း ပြိုင်ဘက်က တစ်ယောက်အထုတ်ခံလိုက်ရသလို၊ ပင်နယ်တီလည်း ထပ်ပေးခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သူတို့ပြန်လာနိုင်သေးတယ်ဆိုတာကို မေ့ထားလို့မရပါဘူး။ ကျွန်တော်တို့နိုင်ဖို့အတွက်ပဲ စိတ်ထဲထည့်ထားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယူရိုပါလိဂ်မှာ ဗိုလ်လုပွဲသို့ရောက်ရှိဖို့နီးစပ်နေပေမယ့် ပရီးမီးယားလိဂ်မှာတော့ ယူနိုက်တက်ရ့အခြေအနေက အတော်လေးဆိုးရွားနေပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာရပ်တည်နေရပါတယ်။ ဒါ့အပြင် ရူဘင်အာမိုရင်ရဲ့အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၆ ပွဲအထိရှုံးနိမ့်ထားတာလည်းဖြစ်ပါတယ်။ 

ဆက်လက်ပြီး ပေါ်တူဂီသားနည်းပြက "ပရီးမီးယားလိဂ်မှာဆိုရင် ရလဒ်တွေအရ ကျွန်တော်တို့အသင်းက အတော်လေးအခြေအနေဆိုးပါတယ်။ ရာသီကုန်မှာတော့ ကျွန်တော်တို့အသင်းက ဥရောပဖလားရတဲ့ ပရီးမီးယားလိဂ်ရဲ့အညံ့ဆုံးအသင်းဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြောင်းလဲမှုပြုလုပ်သွားမှာမဟုတ်ပါဘူး။ ဒီရာသီက စိတ်ပျက်စရာကောင်းတယ်ဆိုတာ သိပါတယ်။ နှစ်ပေါင်း ၅၀ အတွင်း အဆိုးရွားဆုံးသော ရာသီတစ်ခုပါ" လို့ပြောကြားခဲ့ပါတယ်။
 
ယူနိုက်တက်အတွက် တစ်ခုတည်းသောမျှော်လင့်ချက်ဟာ ယူရိုပါလိဂ်ဖလားသာဖြစ်ပြီး တကယ်လို့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင် နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိသွားမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိပါက အာမိုရင်တစ်ယောက် နွေရာသီမှာ ကစားသမားသစ်တွေခေါ်ယူနိုင်ဖို့ ဘဏ္ဍာရေးအထောက်အပံ့တွေရရှိသွားမှာဖြစ်ပါတယ်။