
တော့တင်ဟမ်အတွက် ကစားပေးလိုသူတွေကိုသာ အလိုရှိတယ်လို့ ဖွင့်ဟလာတဲ့ သောမတ်စ်ဖရန့်ခ်
တော့တင်ဟမ်နည်းပြသောမတ်စ်ဖရန့်ခ်က အီဇီကိုမခေါ်ယူနိုင်ခြင်းအတွက် ပြဿနာမရှိပါဘူးလို့ အခိုင်အမာပြောကြားလိုက်ပြီး ဒီကလပ်အသင်းအတွက် ကစားပေးလိုတဲ့ကစားသမားတွေကိုသာ အလိုရှိတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ကူလူဆက်ဗ်စကီးရဲ့စိုးရိမ်ဖွယ်ဒဏ်ရာအခြေအနေတစ်ခုနဲ့အတူ အီဇီကိုခေါ်ယူနိုင်ရေးပြိုင်ပွဲမှာ ခါးသီးပြိုင်ဘက်အာဆင်နယ်ကို အရှက်တကွဲရှုံးနိမ့်ပြီးနောက် တော့တင်ဟမ်အသင်းနဲ့ပတ်သက်သူတွေအတွက် စိတ်ပျက်စရာသီတင်းပတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် တော့တင်ဟမ်နည်းပြသောမတ်စ်ဖရန့်ခ်ကတော့ ကလပ်အသင်းအပေါ် အပြည့်အဝသစ္စာရှိတဲ့ ကစားသမားတွေကိုသာ အလိုရှိပြီး ပရိသတ်တွေကိုယ်တိုင်လည်း ထပ်တူခံစားမိလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဒါ့အပြင် အခုနွေရာသီမှာ ပါရမီရှင်ကစားသမားသစ်တွေကို တော့တင်ဟမ်အသင်း ဆက်လက်ရှာဖွေသွားလိမ့်မယ်လို့လည်း အတည်ပြုခဲ့ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် သောမတ်စ်ဖရန့်ခ်က “ ယေဘုယျအားဖြင့်တော့ ဒီကလပ်အသင်းနဲ့ ဒီကလပ်အသင်းရဲ့အံ့အားသင့်ဖွယ်အမှတ်တံဆိပ်ကို မဝတ်ဆင်လိုသူကစားသမားတွေကို ကျွန်တော် အလိုမရှိပါဘူး။ ဒီကလပ်အသင်းမှာ သူတို့အတွက် နေရာမရှိပါဘူး။ ပရိသတ်တွေလည်း ဒီအတိုင်းပဲ ယုံကြည်ထားမယ်ဆိုတာ သေချာပါတယ်။ ဈေးကွက်ထဲမှာ ကျွန်တော်တို့ ဆက်ရှိနေပြီး အသင်းလူစာရင်းပိုင်း အင်အားဖြည့်တင်းဖို့ ကြိုးစားနေပါတယ်”လို့ ပြောပါတယ်။
တော့တင်ဟမ်က ဒီည၊ အစောဆုံးပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးနဲ့ ရင်ဆိုင်ကစားရပါမယ်။ သူတို့တွေက မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံးလေးကြိမ်မှာ နှစ်ကြိမ်တိုင်တိုင် အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲစဉ်ပြီးရင်တော့ မြောက်လန်ဒန်သားတွေက မန်စီးတီးတိုက်စစ်မှူးဆာဗင်ဟိုအတွက် သူတို့ရဲ့ကမ်းလှမ်းနေမှုကို အရှိန်မြှင့်တင်သွားနိုင်ပါတယ်။