The network connection is lost.

Banner Image

ရာထူးမှထုတ်ပယ်ခံရတဲ့ ပိုစတီကိုဂလူအတွက် နားလည်မှုအပြည့်ရှိနေတဲ့ သောမတ်စ်တူချယ်

သောမတ်စ်တူချယ်က ပိုစတီကိုဂလူအတွက် အကြီးမားဆုံးလေးစားမှုမျိုး ရှိထားပေမယ့် သြစတြေးလျသားကို ရာထူးမှထုတ်ပယ်ဖို့ တော့တင်ဟမ်ဘာကြောင့်ရွေးချယ်ခဲ့သလဲဆိုတာအပေါ် နားလည်မှုရှိပါတယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ အန်ဒိုရာနဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အင်္ဂလန်နည်းပြတူချယ်ဆီ လောလောလတ်လတ်ရာထူးမှထုတ်ပယ်ခံလိုက်ရတဲ့ ပိုစတီကိုဂလူအကြောင်း မေးမြန်းလာခဲ့ကြပါတယ်။ ချဲလ်ဆီးနည်းပြဟောင်းက သြစတြေးလျသားအတွက် လေးစားမှုအပြည့်ရှိပေမယ့် ကလပ်အသင်းရဲ့ဆုံးဖြတ်ချက်ကိုလည်း နားလည်မှုရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

တော့တင်ဟမ်က ယူရိုပါလိဂ်ဆုဖလားရယူကာ ၁၇ နှစ်ကြာဆုဖလားလက်မဲ့ဘဝကို ရပ်တန့်နိုင်ခဲ့ပေမယ့် လိဂ် ၃၈ ပွဲမှာ ၂၂ ပွဲအထိ ရှုံးနိမ့်ပြီး မော်ဒန်ခေတ်သမိုင်းတလျှောက် အမှတ်ပေးဇယားအနိမ့်ဆုံးရပ်တည်မှုအဖြစ် အဆင့်-၁၇ နေရာနဲ့ ရာသီသိမ်းခဲ့ပါတယ်။ အခုလို တော့တင်ဟမ်ရဲ့ပြည်တွင်းလိဂ်စွမ်းဆောင်ရည်နိမ့်ကျမှုက ပိုစတီကိုဂလူအတွက် ရာထူးမှထွက်ခွာပေးရဖို့ အကြောင်းရင်းတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ တူချယ်ကတော့ ပိုစတီကိုဂလူအတွက် စာနာမှုရှိပေမယ့် နည်းပြတိုင်းဟာ အသင်းရလဒ်တွေအတွက် တာဝန်ယူပေးရတယ်လို့ ပြောကြားခဲ့ပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် တူချယ်က “ ပိုစတီကိုဂလူအတွက် ကျွန်တော် လေးစားမှုအပြည့်ရှိပါတယ်။ သူ့ဆီမှာ စရိုက်လက္ခဏာကောင်းတစ်ခု ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ရလဒ်တွေအတွက် တာဝန်ယူပေးရပါတယ်။ ဒါက နည်းပြတိုင်းအတွက် ခံစားပေးတာဖြစ်ပြီး ကိုယ်ချင်းစာနာမှုလည်း အပြည့်အဝရှိပါတယ်။ အထူးသဖြင့် ရာထူးမှထုတ်ပယ်ခံရတယ်ဆိုတဲ့ကိစ္စမျိုးကို ကျွန်တော်လည်း ခံစားခဲ့ဖူးပြီး ဒါက အတော်လေးထိတ်လန့်စရာကောင်းပါတယ်”လို့ ပြောပါတယ်။ အင်္ဂလန်က အခုသီတင်းပတ်ကုန်၊ အန်ဒိုရာနဲ့ယှဉ်ပြိုင်ကစားပြီးနောက် ဆီနီဂေါနဲ့ ခြေစမ်းပွဲ ဆက်ကစားရပါမယ်။ ပိုစတီကိုဂလူကတော့ သူ့ရဲ့အနာဂတ်ရှင်းရှင်းလင်းလင်းဖြစ်လာဖို့ အချိန်အနည်းငယ်ယူသွားနိုင်ပါတယ်။