The network connection is lost.

Banner Image

လိုအပ်ချက်တွေရှိနေပေမယ့် ထိပ်တန်းအဆင့်ဆီ အမြန်ဆုံးပြန်လည်ရောက်ရှိဖို့ မျှော်လင့်နေတဲ့ အာမိုရင်

ရူဘင်အာမိုရင်က မန်ချက်စတာယူနိုက်တက်အသင်းတိုးတက်လာစေဖို့ သူကိုယ်တိုင်လည်း ဆန္ဒစောနေပြီလို့ ပြောခဲ့ပေမယ့် အရှိတရားကိုတော့ မျက်ကွယ်မပြုထားပါဘူးလို့ ဝန်ခံလိုက်ပါတယ်။ ယမန်နေ့၊ မန်ချက်စတာဒါဘီဂိုးမရှိသရေပွဲစဉ်အပြီး ယူနိုက်တက်ရော၊ မန်စီးတီးပါ အခုဘောလုံးရာသီမှာ ဘယ်လောက်အထိ ကျဆင်းသွားသလဲဆိုတာကို ကွက်ကွက်ကွင်းကွင်းမြင်တွေ့ခဲ့ရပါတယ်။ အာမိုရင်ကတော့ မကြာခင်မှာ သူ့ရဲ့ယူနိုက်တက်အသင်း အမှတ်ပေးဇယားထိပ်ပိုင်းဆီ ပြန်လည်ရောက်ရှိလာမယ်ဆိုတာကို သိထားတယ်လို့ ရှင်းပြခဲ့ပေမယ့် အရှိတရားကို မျက်ကွယ်ပြုထားလောက်အောင် မရူးနှမ်းပါဘူးလို့ ပြောကြားခဲ့ပါတယ်။

အခုမန်ချက်စတာဒါဘီသရေရလဒ်နဲ့အတူ ယူနိုက်တက်က လက်ကျန်ပွဲစဉ်တွေကို အနိုင်ရရှိမယ်ဆိုရင်တောင် အသင်းသမိုင်းတလျှောက်အဆိုးဝါးဆုံးပရီးမီးယားလိဂ်ရာသီကုန်ရပ်တည်မှုကို မရှောင်လွှဲနိုင်တော့ဘဲ အမှတ်ပေးဇယားအောက်ပိုင်းမှာပဲ ရာသီပိတ်သိမ်းသွားဖို့ အတော်လေးနီးစပ်နေပါတယ်။ ဒါကြောင့်လည်း အာမိုရင်က သူတို့ရဲ့အမှတ်ပေးဇယားရပ်တည်မှုအပိုင်းဟာ လုံလောက်တဲ့ကောင်းမွန်မှုမျိုးမရှိဘူးဆိုတာကို နားလည်ထားပါတယ်လို့ ပြောခဲ့ပါတယ်။

Sky Sports နဲ့တွေ့ဆုံချိန် အာမိုရင်က “ ကျွန်တော်တို့မှာ တိုးတက်လာရမယ့်အခန်းကဏ္ဍတွေ အများကြီးရှိပါတယ်။နေရာတိုင်းလိုလိုပါ။ ကစားကွက်တည်ဆောက်ပုံ၊ ခံစစ်တိုက်စစ်အသွင်ကူးပြောင်းမှု၊ Final Third ထဲမှာ ဆုံးဖြတ်ချက်ချမှတ်ပုံ ဒါတွေအကုန်လုံးပါဝင်ပါတယ်။ ယူနိုက်တက်ကစားသမားတွေလည်း တိုးတက်လာရပါမယ်။ အခြားကလပ်အသင်းတစ်ခုမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် သူတို့တွေ ဒီကလပ်အသင်းဆီ ရောက်ရှိလာတာပါ။ သူတို့တွေမှာ အရည်အသွေးတွေ ရှိပါတယ်။ ကျွန်တော်တို့ကတော့ အသွင်းကူးပြောင်းဆဲအဆင့်မှာရှိနေတဲ့ အသင်းတစ်ခုပါ။ အခွင့်အရေးတွေ ပိုမိုဖန်တီးပြီး Final Third ထဲမှာ အချိန်တွေ ပိုမိုကုန်ဆုံးသွားဖို့ လိုအပ်ပါတယ်။

ကျွန်တော်က နုံအတဲ့ အရူးတစ်ယောက်တော့ မဟုတ်ပါဘူး။ အခုလက်ရှိရောက်ရှိနေတဲ့အခိုက်အတန့်ကို မြင်တွေ့နိုင်သလို ပြိုင်ဘက်တွေကိုလည်း ရှုမြင်နိုင်စွမ်းရှိပါတယ်။ပြိုင်ဘက်တွေနဲ့ကွာဟမှု ကြီးမားနေပြီဆိုတာကိုလည်း နားလည်ထားပါတယ်။ ဒါပေမယ့် ခေါင်းဆောင်တစ်ဦးအဖြစ် ကွာဟချက်တွေ ကျဉ်းမြောင်းသွားအောင် လုပ်ဆောင်ဖို့ အချိန်ယူရလိမ့်မယ်လို့ မပြောချင်ပါဘူး။ လိုချင်တဲ့ကစားသမားတွေ ခေါ်ယူနိုင်မယ်ဆိုရင်တောင် အကောင်းဆုံးစွမ်းဆောင်ရည်ကို ချက်ချင်းပြသနိုင်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ အခုလိုကလပ်အသင်းတစ်ခုမှာ ကျွန်တော်တို့အတွက် အချိန်အများကြီးမရှိလို့ပါပဲ။ ကျွန်တော်တို့ အလျင်လိုနေပါပြီ”လို့ ပြောပါတယ်။

ယူနိုက်တက်က လာမယ့်ကြာသပတေးနေ့မှာ လိုင်ယွန်နဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်ကို ဆင်နွှဲသွားရပါမယ်။ ဒီပြိုင်ပွဲမှာသာ အောင်မြင်မှုရရှိမယ်ဆိုရင် သရဲနီတို့ လာမယ့်ဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါလိမ့်မယ်။