
အာဂျင်တီးနားနဲ့ပါရာဂွေးတို့နိုင်ပွဲကိုယ်စီရခဲ့ပြီး ဘရာဇီးသရေကျခဲ့တဲ့ တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ
သောကြာနေ့နံနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ လက်ရှိချန်ပီယံအာဂျင်တီးနားနဲ့ ပါရာဂွေးတို့က ချီလီနဲ့ ဥရုဂွေးတို့ကို အသီးသီးအနိုင်ရခဲ့ပေမယ့် နည်းပြကာလိုအန်ဆယ်လော့တီစတင်ဦးဆောင်တဲ့ဘရာဇီးကတော့ အီကွေဒေါကို သရေသာကစားနိုင်ခဲ့ပါတယ်။
ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားပြီးဖြစ်တဲ့အာဂျင်တီးနားဟာ ယခုပွဲစဉ်မှာ အဓိကကစားသမားအချို့ကို အနားပေးပြီး အရန်ကစားသမားတွေကို ပွဲထုတ်အသုံးပြုခဲ့ပေမယ့် ချီလီရဲ့တိုက်စစ်ကိုတော့ သက်တောင့်သက်သာပဲထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ပထမပိုင်းပွဲကစားချိန် ၁၆ မိနစ်မှာပဲ တိုက်စစ်မှူး ဂျူလီယန်အယ်လ်ဗာရက်ဇ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ အနိုင်ဂိုးသွင်းရှင်အယ်လ်ဗာရက်ဇ်က "အရမ်းကောင်းတဲ့သွင်းဂိုးတစ်ဂိုးပါ။ ကျွန်တော်တို့ပထမပိုင်းမှာအရမ်းကောင်းခဲ့ပြီး ဒုတိယပိုင်းမှာတော့ ခြေစွမ်းနည်းနည်းကျခဲ့ပါတယ်။ ဒါပေမယ့် အနိုင်ရလဒ်ကိုထိန်းသိမ်းဖို့အတွက်တော့ အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်"
"ဒီနေ့အသင်းရဲ့လူစာရင်းကလည်း အရမ်းကောင်းပါတယ်။ကစားဖို့ ကြံ့ခိုင်မှုပြည့်ဝနေတဲ့သူတွေ ကစားခွင့်ရခဲ့တာပါ။လူငယ်ကစားသမားလေး မက်စတန်တူနိုအနေနဲ့လည်း အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ သူက ကြယ်ပွင့်ကစားသမားပါ" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့တဲ့ မက်စတန်တူနိုဟာ အသက်-၁၇ နှစ်အရွယ်သာရှိသေးတာကြောင့် သမိုင်းတစ်လျှောက် အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားခွင့်ရတဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ မက်ဆီကလည်း လူစားဝင်ကစားသမားအဖြစ် ဒုတိယပိုင်း ၅၇ မိနစ်မှာ စတင်ဝင်ရောက်ခဲ့ပေမယ့် သွင်းဂိုးတော့ရယူနိုင်ခဲ့ခြင်းမရှိပါဘူး။ ဝါရင့်တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ဦးဆောင်တဲ့ ချီလီရဲ့တိုက်စစ်က ချေပဂိုးအတွက် အခွင့်အရေးအချို့ဖန်တီးနိုင်ခဲ့ပေမယ့် အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိလို့ အိမ်ကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
အီကွေဒေါနဲ့ ဘရာဇီးတို့ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာတော့ ကာလိုအန်ဆယ်လော့တီဟာ အသင်းသစ်ကိုစတင်ကိုင်တွယ်ခဲ့ခြင်းဖြစ်ပေမယ့် နိုင်ပွဲရရှိအောင်စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိဘဲ ၀-၀ ဆိုတဲ့သရေရလဒ်နဲ့သာ ကြုံတွေခဲ့ရတာဖြစ်ပါတယ်။ ယခုပွဲစဉ်ဟာ အတော်လေးအေးစက်တဲ့ပွဲစဉ်ဖြစ်ခဲ့ပြီး ပထမပိုင်း မိနစ် ၂၀ အတွင်းမှာ နှစ်သင်းစလုံး ဂိုးပေါက်ကန်သွင်းမှု ၁ ကြိမ်တောင်ပြုလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ ရာဖင်ဟာမပါဝင်တဲ့ဘရာဇီးရဲ့တိုက်စစ်က ဒီနေ့မှာ အတော်လေးအသက်မဲ့နေပြီး ဂိုးရဖို့အခွင့်အရေးတွေဖန်တီးနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ အီကွေဒေါကလည်း ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူပြီး ပွဲကိုထိန်းချုပ်ကစားခဲ့ပေမယ့် ဂိုးပေါက်တည့်တဲ့ကန်သွင်းချက် ၃ ကြိမ်သာပြုလုပ်နိုင်ခဲ့လို့ သွင်းဂိုးတွေရရှိဖို့ မလုံလောက်ခဲ့ပါဘူး။
အန်ဆယ်လော့တီအနေနဲ့ ဘရာဇီးနည်းပြဘဝ ပွဲဦးထွက်မှာ နိုင်ပွဲရရှိဖို့မျှော်လင့်ထားခဲ့ပေမယ့် အီကွေဒေါရဲ့ခံစစ်ကိုမကျော်နိုင်ခဲ့လို့ သရေရလဒ်နဲ့သာကျေနပ်ခဲ့ရပါတယ်။ ပါရာဂွေးနဲ့ ဥရုဂွေးတို့ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာတော့ ပါရာဂွေးက ၂ ဂိုးပြတ်အနိုင်ယူပြီး အုပ်စုရဲ့ တတိယနေရာသို့ တက်လှမ်းလာနိုင်ခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ဥရုဂွေးက ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းကျော်အထိ ရရှိပိုင်ဆိုင်ပြီး ပွဲကိုထိန်းချုပ်ခဲ့ပေမယ့် ဂိုးပေါက်တည့်တဲ့ကန်သွင်းချက်ကတော့ ၁ ကြိမ်သာပြုလုပ်နိုင်ခဲ့တာကြောင့် ရှုံးပွဲကြုံခဲ့ရတာဖြစ်ပါတယ်။ ပါရာဂွေးအတွက်ဂိုးတွေကိုတော့ ပထမပိုင်း ၁၃ မိနစ်မှာ ဂလာဇာနဲ့ ဒုတိယပိုင်း ၈၁ မိနစ်မှာ အန်စီဆိုတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။