The network connection is lost.

Banner Image

ချန်ပီယံရှစ်မှာ ကစားဖို့ စိတ်မဝင်စားတာကြောင့် အေဂျက်စ်သို့ ပြောင်းရွှေ့ဖို့နီးစပ်နေတဲ့ ဝက်ဂ်ဟော့စ်

နယ်သာလန်တိုက်စစ်မှူး ဝက်ဂ်ဟော့စ်ဟာ လက်ရွေးစင်အသင်းမှာ ခြေစွမ်းပြသထားနိုင်တာကြောင့် ဘန်လေနဲ့ ချန်ပီယံရှစ်ကစားရမယ့် အနေအထားကနေ နယ်သာလန်ထိပ်သီးကလပ် အေဂျက်စ်သို့ ပြောင်းရွှေ့နိုင်ချေရှိတယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။

မကြာသေးမီက ပိုလန်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုအဖွင့်ပွဲစဉ်မှာ ဝက်ဂ်ဟော့စ်ဟာ လူစားဝင်ရောက်လာပြီးမှ နယ်သာလန်အတွက်အရေးပါတဲ့ အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာကြောင့် စွမ်းဆောင်ရည်မြင့်မားတဲ့ကစားသမားဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ ဒါ့အပြင် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာတုန်းကလည်း အာဂျင်တီးနားနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ လူစားဝင်ရောက်လာပြီး အရေးပါတဲ့ ချေပဂိုး ၂ ဂိုး သွင်းယူကာ နယ်သာလန်ကို အချိန်ပိုအထိ ဆွဲတင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာတော့ သတင်းတွေအရ အေဂျက်စ်ဟာ ဘန်လေနဲ့ စာချုပ်သက်တမ်း ၁ နှစ်ကျန်နေသေးတဲ့ ဝက်ဂ်ဟော့စ်ကို စောင့်ကြည့်မှုတွေပြုလုပ်နေပြီး မကြာမီမှာပဲ ကမ်းလှမ်းလာတော့မယ်လို့ သိရပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီမှာ ဝုဖ်ဘတ်ကနေ ဘန်လေကို စတင်ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူးဟာ အသင်းနဲ့အတူ ချန်ပီယံရှစ်ပြိုင်ပွဲကို  ကစားလိုခြင်းမရှိတာကြောင့် ထွက်ခွာဖို့ စိတ်အားထက်သန်နေတယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ စိန်ခေါ်မှုတွေနဲ့ကြုံတွေ့ခဲ့ရပြီး ရုန်းကန်ခဲ့ရတဲ့ အေဂျက်စ်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့ကာ ချန်ပီယံ ပီအက်စ်ဗွီနဲ့ ရမှတ် ၃၅ မှတ်အထိ ကွာဟခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာတော့ အေဂျက်စ်အနေနဲ့ ကလပ်ကို ပြန်လည်စီမံခန့်ခွဲဖို့ ပြင်ဆင်နေပြီးကစားသမားသစ်တွေကိုလည်း စောင့်ကြည့်နေတာဖြစ်ပါတယ်။

ယခုအခါမှာတော့ ဝက်ဂ်ဟော့စ်အနေနဲ့ ယူရိုပြိုင်ပွဲမှာ နယ်သာလန်နဲ့အတူ သူ့ရဲ့တန်ဖိုးကို တိုးတက်လာအောင်ပြုလုပ်ဖို့ကြိုးစားသွားရမှာဖြစ်ပြီး လာမယ့်ဇွန်လ ၂၁ ရက်နေ့မှာတော့ နယ်သာလန်ဟာ အုပ်စုအဆင့် ဒုတိယပွဲစဉ်ကို ပြင်သစ်နဲ့ကစားသွားရမှာဖြစ်ပါတယ်။