
ဗီလာနဲ့ပွဲမှာ အပိုင်အခွင့်အရေးလွဲချော်ခဲ့တဲ့ ဒါဝင်နူနက်ဇ်ကို ဦးတည်ဝေဖန်လိုက်တဲ့ ဗန်ဒိုက်
ဗီလာကိုသရေကျခဲ့တဲ့ပွဲမှာ အပိုင်အခွင့်အရေးလွဲချော်ခဲ့တဲ့ အသင်းဖော် ဒါဝင်နူနက်ဇ်ကို နောက်ခံလူ ဗန်ဒိုက်က ဦးတည်ဝေဖန်လိုက်ပါတယ်။ ဆာလက်က လီဗာပူးအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဗီလာက တိုင်လီမန်းစ် ၊ ဝက်တ်ကင်းတို့ရဲ့ဂိုးတွေနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။ လီဗာပူးအသင်းအတွက် ချေပဂိုးကို ဒုတိယပိုင်းမှာ အာနိုးလ်က သွင်းယူပေးနိုင်ခဲ့ကာ အနိုင်သေချာစေမယ့်အပိုင်အခွင့်အရေးတစ်ခု ဒါဝင်နူနက်ဇ်ရခဲ့ပေမယ့် အဆုံးသတ်လွဲချော်ခဲ့တာကြောင့် လီဗာပူးတို့ နစ်နာခဲ့ရပါတယ်။
အဆိုပါဂိုးလွဲချော်မှုကြောင့် ချန်ပီယံဆုအတွက် လီဗာပူးအနေနဲ့ ၂ မှတ်အထိ နစ်နာခဲ့ရပါတယ်။ အသက် ၂၄ နှစ်သားဟာ ရာသီတစ်လျှောက်ခြေစွမ်းကောင်းတွေပြသနေပေမယ့် ဂိုးရှေ့မှာ တည်ငြိမ်တဲ့စွမ်းဆောင်ရည်မပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ ဗန်ဒိုက်က ၃ မှတ်ပြည့်မရခဲ့တဲ့အတွက် စိတ်ပျက်မိတဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ အနည်းငယ်စိတ်ပျက်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တိုက်ပွဲဝင်ခဲ့ပါတယ်။ အနိုင်ရမယ့်အခွင့်အရေးရခဲ့ပါတယ်။ အဆူံးသတ်မှာတော့ အခွင့်အရေးကို အသုံးမချနိုင်ခဲ့ပါဘူး။
ဘောလုံးပိုင်ဆိုင်မှုအပိုင်းမှာ ကျွန်တော်တို့ တော်တော်လေးကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ အခွင့်အရေးကောင်းတွေဖန်တီးနိုင်ခဲ့ပါတယ်။ တည်ကန်ဘောကနေ ဂိုးပေးလိုက်ရလို့ စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ အရာအားလုံးကြိုးစားခဲ့ပေမယ့် ကံမကောင်းခဲ့ပါဘူး။ အနိုင် ၃ မှတ်အတွက် မလုံလောက်ခဲ့ပါဘူး။ ကျွန်တော်တို့ ၃-၂ နဲ့အနိုင်ရခဲ့သင့်တာပါ။ ဒါပေမယ့် ဗီလာကိုလည်း ချီးကျူးရပါမယ်။ သူတို့ ခက်ခဲအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်”လို့ ဗန်ဒိုက်က ပြောကြားခဲ့ပါတယ်။
လီဗာပူးအနေနဲ့ ဗီလာနဲ့ပွဲမှာ အနိုင်ရလဒ်မဖော်ဆောင်နိုင်ခဲ့တာကြောင့် ချန်ပီယံဆုအတွက် မန်စီးတီးနဲ့ပွဲမှာ အနိုင်ရလဒ်ဖော်ဆောင်နိုင်ဖို့ လိုအပ်နေပါတယ်။ “တစ်ပတ်ပြီးတစ်ပတ် ကျွန်တော်တို့ ခက်ခဲလာပါတယ်။ အဲ့နောက် ကျွန်တော်တို့ နယူးကာဆယ်နဲ့ကန်ရပါမယ်။ အဲ့မတိုင်ခင် မန်စီးတီးနဲ့ပွဲကို အာရုံစိုက်ရပါမယ်။ အရမ်းခက်ခဲနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ အနိုင်ရဖို့ အရာအားလုံးလုပ်ဆောင်ရပါမယ်။ တနင်္ဂနွေနေ့ပွဲကို အာရုံစိုက်ရပါမယ်”လို့ ဗန်ဒိုက်က ထပ်လောင်းပြောကြားခဲ့ပါတယ်။