
ပီအက်စ်ဂျီ နဲ့ ဆော်ဒီလိဂ်ဘက်က ချိတ်ဆက်နေချိန် လာမယ့်ရက်အနည်းငယ်အတွင်းမှာ အနာဂတ်ကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်နေတဲ့ ဗင်နီဆီးယက်စ်
ရီးရဲလ်တောင်ပံကစားသမား ဗင်နီဆီးယက်စ်က ပီအက်စ်ဂျီ နဲ့ ဆော်ဒီလိဂ်က ချိတ်ဆက်နေချိန် လာမယ့်ရက်အနည်းငယ်အတွင်းမှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဖြေရှင်းနိုင်ဖို့ မျှော်လင့်နေပါတယ်။ ရီးရဲလ် နဲ့ ဗင်နီတို့ကြား စာချုပ်သက်တမ်းက ၂၀၂၇ အထိကျန်ရှိနေပေမယ့် အသင်းကြီးတော်တော်များများက ချိတ်ဆက်နေတာဖြစ်ပါတယ်။
အဆိုပါအခြေအနေတွေကြောင့် ဘရာဇီးသားက မကြာခင်မှာ အနာဂတ်နဲ့ပတ်သက်ပြီး ဖြေရှင်းနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဗင်နီတစ်ယောက် ရီးရဲလ်အသင်းမှာ အထိုင်ကျဖို့လွယ်ကူနေတာမဟုတ်ပဲ လူမျိုးရေးခွဲခြားခံရမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဆိုပါလူမျိုးရေးခွဲခြားခံရမှုတွေကြောင့် ကစားသမားအနေနဲ့ ရီးရဲလ်ကနေထွက်ခွာနိုင်တယ်လို့လည်း သတင်းကြီးနေပါတယ်။
ဒါပေမယ့်လည်း ကစားသမားကိုယ်တိုင်က ရီးရဲလ်အသင်းမှာဆက်နေချင်နေတယ်လို့ သိရပါတယ်။ မန်စီးတီးကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ခြေစစ်ပွဲပထမအကျော့အပြီးမှာ ဘရာဇီးသားက “ရီးရဲလ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးနေတာ အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော့်စာချုပ်သက်တမ်းက ၂၀၂၇ အထိ ကျန်ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်အမြဲပြောသလို ဒီမှာဆက်ကစားချင်ပါတယ်။
ပရိသတ်တွေဆီကကော ၊ ဥက္ကဌ ၊ ဝန်ထမ်းတွေ နဲ့ အသင်းဖော်တွေဆီကနေ ချစ်ခင်မှုတွေရရှိပါတယ်။ ကျွန်တော် ဒီမှာအချိန်အတော်ကြာဆက်နေချင်ပါတယ်။ လာမယ့်ရက်အနည်းငယ်အတွင်းမှာ ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။ ဗင်နီဟာ ရီးရဲလ်အသင်းမှာ သမိုင်းမှတ်တိုင်စိုက်ထူနိုင်ဖို့ ပစ်မှတ်ထားနေပြီး ချန်ပီယံလိဂ်အပြင် ကိုပါဒယ်ရေး နဲ့ လာမယ့်နွေမှာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာပါ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ဘာပေ နဲ့ ဘယ်လင်ဟမ်တို့ စွမ်းဆောင်ရည်ကောင်းတွေပြသနေတာကြောင့် ရီးရဲလ်တိုက်စစ်ပိုင်းက ပြိုင်ဘက်တွေအတွက် သတိထားစရာဖြစ်လာနေပါတယ်။