
ဘောလုံးမှာ အခွင့်အရေးတွေကို အသုံးမချနိုင်ရင် အပြစ်ပေးခံရနိုင်တယ်လို့ ဆိုလိုက်တဲ့ ကွန်ပနီ
မြောက်ကာရိုလိုင်းနားပြည်နယ်၊ ချာလော့မြို့မှာ ကျင်းပတဲ့ ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ၊ အုပ်စုအပိတ်ပွဲစဉ်မှာ ဘင်ဖီကာကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ဘိုင်ယန်မြူးနစ်နည်းပြကွန်ပနီက သတင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အခုပွဲစဉ်ရှုံးနိမ့်မှုကြောင့် ရှုံးထွက်အဆင့်တက်ရောက်နိုင်ဖို့ သေချာနေတဲ့ ဘိုင်ယန်မြူးနစ်အတွက် အုပ်စုဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
အခုရှုံးနိမ့်မှုနဲ့ပတ်သက်လို့ ကွန်ပနီက “ ပထမပိုင်းပွဲချိန်အတွင်းမှာလည်း ကျွန်တော်တို့အသင်းခြေစွမ်း အရမ်းမကောင်းခဲ့ပါဘူး။ ဒါပေမဲ့ ဒုတိယပိုင်းပွဲချိန်အတွက် ကျွန်တော့်မှာ ယုံကြည်မှုအပြည့်ရှိနေခဲ့ပါတယ်။ နေ့အပူချိန်နဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ ပြဿနာတွေ ရှိခဲ့သလို ကျွန်တော်တို့အသင်းကစားပုံလည်း ပုံမှန်အတိုင်း ကောင်းကောင်းမွန်မွန်မလည်ပတ်နိုင်ခဲ့ပါဘူး။
ရလဒ်နဲ့ပတ်သက်လို့ အပေါင်းလက္ခဏာဆောင်တဲ့အချက်ကို ပြောရမယ်ဆိုရင် ချာလော့မြို့မှာ နောက်ထပ်ကစားရမယ့်ပွဲစဉ် မရှိတော့တာပါပဲ”လို့ ဂျာမန်အခြေစိုက်မဂ္ဂဇင်း The Kicker ဆီ ပြောပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အပြီး ကွန်ပနီက ပယ်လင်ဟာ၊ ဘစ်ချော့ဖ်၊ ဂါနာဘရီတို့နေရာမှာ ကင်မစ်ချ်၊ ဟယ်ရီကိန်း၊ အိုလီစီတို့ကို လူစားလဲလှယ်ခဲ့ပါတယ်။ ဒီလိုလူစားလဲလှယ်မှုက အုပ်စုအဆင့်လွတ်မြောက်ပြီးထားတဲ့ ပွဲစဉ်တစ်ခုမှာ တိုက်စစ်ပိုင်းအထောက်အကူပိုမိုရရှိဖို့အတွက် ဘိုင်ယန်မြူးနစ်ရဲ့ပွဲကြိုအစီအမံတွေအနက် တစ်ခုသာဖြစ်တယ်လို့ ကွန်ပနီက ရှင်းပြပါတယ်။
ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ သူက “ အဆုံးသတ်အားကောင်းဖို့လိုအပ်တယ်ဆိုတာ ကျွန်တော်တို့ နားလည်းထားခဲ့ပါတယ်။ ဒုတိယပိုင်း ၄၅ မိနစ်မှာလည်း နောက်ဆုံးအချိန်အထိ အခွင့်အရေးတွေ ရရှိပေမယ့် အသုံးမချနိုင်ခဲ့လို့ ရလဒ်ကောင်းတော့ မရရှိခဲ့ပါဘူး။ ပြိုင်ဘက်ဂိုးသမားအရမ်းကောင်းနေချိန်၊ အခွင့်အရေးတွေကို အသုံးမချနိုင်ဘူးဆိုရင် ဘောလုံးမှာ ဒီလိုမျိုးတွေ ဖြစ်လာပါလိမ့်မယ်”လို့ ရှင်းပြပါတယ်။
အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ဘိုင်ယန်မြူးနစ်က ၁၆-သင်းရှုံးထွက်အဆင့်မှာ ဘရာဇီးကလပ်ဖလာမင်ဂိုနဲ့ ထိပ်တိုက်ရင်ဆိုင်ကစားရပါလိမ့်မယ်။ ဖလာမင်ဂိုကလည်း ချဲလ်ဆီးကို ဦးဆောင်ဂိုးပေးရပေမယ့် နောက်မှလိုက်ကစားကာ အနိုင်ယူခဲ့တဲ့အသင်းဖြစ်ပါတယ်။ ရင်ဆိုင်ရမယ့်ပြိုင်ဘက်နဲ့ပတ်သက်လို့ ကွန်ပနီက “ ချဲလ်ဆီးပဲဖြစ်ဖြစ်၊ ဖလာမင်ဂိုပဲဖြစ်ဖြစ် ခက်ခဲတဲ့ပွဲစဉ်တစ်ခုဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိရှိထားပါတယ်။ ဒီပွဲစဉ်မှာလည်း ကျွန်တော်တို့လုပ်နိုင်မယ့်အရာက အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ပါပဲ။ ဒီအတိုင်းလုပ်နိုင်မယ်ဆိုတာလည်း ကျွန်တော်တို့ သိရှိထားပါတယ်”လို့ နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်နဲ့ ဖလာမင်ဂိုတို့ရင်ဆိုင်ရမယ့် ရှုံးထွက်ပွဲစဉ်ကို ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီဥယျာဉ်ရှိ Hard Rock Stadium မှာ ယှဉ်ပြိုင်ကစားသွားပါမယ်။