The network connection is lost.

Banner Image

အသက်-၃၇ နှစ်အရွယ်နဲ့ ကလပ်ကမ္ဘာ့ဖလားမှာတောက်ပနေတဲ့မက်ဆီကို ကွန်ပနီချီးကျူး

ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့်ကွန်ပနီက အင်တာမီယာမီစူပါစတား လီယွန်နယ်မက်ဆီဟာ အသက်-၃၇ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် ထိပ်တန်းခြေစွမ်းတွေနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောက်ပနေဆဲဖြစ်ကြောင်း ချီးကျူးစကားဆိုလာခဲ့ပါတယ်။ 

မက်ဆီဟာ ပြီးခဲ့တဲ့ပေါ်တိုနဲ့ပွဲစဉ်မှာ အင်တာမီယာမီကို ထပ်မံကယ်တင်ခဲ့ပြီး ဖရီးကစ်ကန်ချက်နဲ့အတူ အနိုင်ရလဒ်ကို ပုံဖော်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် မီယာမီဟာ ယခုအခါမှာ ၂ ပွဲကစား ရမှတ် ၄ မှတ်နဲ့ နောက်တစ်ဆင့်သို့တက်ရောက်နိုင်မယ့် အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ 
ဘောလွန်းဒီအော်ဆိုကို ၈ ကြိမ်အထိဆွတ်ခူးထားတဲ့မက်ဆီဟာ အသက်-၁၆ နှစ်အရွယ် ဘာစီလိုနာကစားသမားဘဝပွဲဦးထွက်အစမှာကတည်းက ကမ္ဘာ့ဘောလုံးလောကကို စတင်ကိုင်လှုပ်ခဲ့သူဖြစ်ပြီး ယခု အသက်-၃၇ နှစ်အရွယ်အထိ အမြင့်ဆုံးအောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တာဖြစ်ပါတယ်။ 

အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ သူ့ရဲ့ ၃၈ နှစ်ပြည့်မွေးနေ့ကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာပဲ ကျင်းပသွားရမှာလည်းဖြစ်ပါတယ်။ ကွန်ပနီကတော့ ပြီးခဲ့တဲ့ ဧပြီလကမှ အသက်-၃၉ နှစ်ပြည့်မြောက်ခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယံသားက မက်ဆီရဲ့စွမ်းဆောင်ရည်တွေအပေါ် လေးစားမိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

ကွန်ပနီက "အင်တာမီယာမီမှာ မက်ဆီလို ထူးရှယ်ကစားသမားရှိပါတယ်။ ကျွန်တော်နဲ့မက်ဆီနဲ့က အသက်အတူတူလောက်ပဲလို့ထင်ပါတယ်။ ဒါပေမယ့် သူဒီလိုခြေစွမ်းမျိုးကို ဘယ်လိုထိန်းသိမ်းထားလဲဆိုတာတော့ ကျွန်တော်လည်းမသိပါဘူး။ သူ့ရဲ့ပွဲတွေကို ကြည့်နေရဆဲဖြစ်ပြီး ပရိသတ်တွေအနေနဲ့ မက်ဆီရဲ့ကွင်းထဲကအခိုက်အတန့်တိုင်းကို တန်ဖိုးထားဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်အင်္ဂါနေ့မှာတော့ အင်တာမီယာမီနဲ့မက်ဆီတို့ဟာ ကလပ်ကမ္ဘာ့ဖလားအုပ်စုအဆင့် တတိယမြောက်ပွဲစဉ်အဖြစ် ဘရာဇီးကလပ် ပါမီးယက်စ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်ကတော့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဘင်ဖီကာနဲ့ကစားသွားရပါမယ်။