
ကလပ်ရဲ့ပါတေးကိုခေါ်ယူဖို့ ကြိုးစားနေမှုအပေါ် ဗီလာရီးရဲလ်ပရိသတ်ဥက္ကဌ ဝေဖန်
ဗီလာရီးရဲလ်ပရိသတ်ဥက္ကဌဟာ ကလပ်ရဲ့ အာဆင်နယ်ကွင်းလယ်ကြယ်ပွင့်ဟောင်း သောမတ်စ်ပါတေးကို ခေါ်ယူဖို့ ကြိုးစားနေမှုအပေါ် ကန့်ကွက်ပြီး ဝေဖန်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇွန်လကုန်က အာဆင်နယ်နဲ့စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ ပါတေးဟာ အမ်းမရိတ်စ်မှထွက်ခွာလာပြီး ၄ ရက်အကြာမှာပဲ အမျိုးသမီး ၂ ဦးအပေါ် အဓမ္မကျူးလွန်မှု ၅ ကြိမ်အထိပြုလုပ်ခဲ့တယ်လို့ တရားစွဲခံထားရတာဖြစ်ပါတယ်။ ယခုအခါမှာ အသက်-၃၂ နှစ်အရွယ်ကစားသမားဟာ အဆိုပါအမှုတွေအတွက် တရားရင်ဆိုင်နေရဆဲဖြစ်ပေမယ့် ဗီလာရီးရဲလ်ကတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့ ကြိုးစားလာခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း ယခုအခါမှာတော့ အသင်းပရိသတ်ဥက္ကဌဖြစ်သူ ဆီဆာပီနာက အခုလို ရာဇဝတ်မှုတွေနဲ့ရှုပ်ထွေးတဲ့ ကစားသမားကို အသင်းအတွက်မခေါ်ယူသင့်ကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ်။ ပီနာက "ဒီကိစ္စက ရှုပ်ထွေးပါတယ်။ ဘောလုံးအရကြည့်မယ်ဆိုရင်တော့ ပါတေးလိုကစားသမားကိုခေါ်ယူနိုင်တာက အသင်းအတွက် ကြီးမားတဲ့အထောက်အပံ့ဖြစ်စေမှာအမှန်ပါပဲ။ သူက ထိပ်တန်းကစားသမားတစ်ဦးဖြစ်ပြီး စပိန်ကလပ်တွေအတွက် ခက်ခဲတဲ့ပြိုင်ဘက်တစ်ဦးဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း အာဆင်နယ်နဲ့အတူ ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်ကနေ ထွက်ခွာစေခဲ့ပါတယ်"
"ဒါပေမယ့် ကျွန်တော့်ရဲ့အမြင်နဲ့ ဗီလာရီးရဲလ်ပရိသတ်အများစုရဲ့အမြင်မှာတော့ သူ့လို ပြင်းထန်တဲ့ရာဇဝတ်မှုတွေ ရှုပ်ထွေးနေတဲ့ကစားသမားမျိုးကို ခေါ်ယူဖို့ သဘောမတူနိုင်ပါဘူး။ တကယ်လို့ သူအသင်းမှာလာကစားလို့ ပရိသတ်တွက လှောင်ပြောင်ဝေဖန်ကြရင်လည်း ကျွန်တော့်အနေနဲ့ ပရိသတ်တွေကို နားလည်ပေးမှာပါ"
"ကလပ်အနေနဲ့ ပရိသတ်တွေရဲ့အမြင်ကို လေးစားမယ်လို့မျှော်လင့်ပါတယ်။ အသင်းအနေနဲ့ သူ့ကြောင့်တိုးတက်လာနိုင်တာတော့မှန်ပါတယ်။ ဒါပေမယ့် သူ့ရဲ့လက်ရှိအမှုက ဘယ်လိုပဲအဖြေထွက်လာ ထွက်လာ သူ့ကိုအသင်းက ခေါ်ယူမယ်ဆိုရင် ပရိသတ်အများစုက သဘောတူကြမှာမဟုတ်ပါဘူး။ တကယ်လို့သူက အပြစ်မရှိဘူးဆိုရင်တောင်မှပေါ့" လို့ပြောကြားခဲ့ပါတယ်။
လောလောဆယ်မှာတော့ ပါတေးဟာ စွပ်စွဲချက်တွေအားလုံးကို ငြင်းဆန်ထားပြီး တရားရုံးမှာ ဖြေရှင်းမှုတွေ ပြုလုပ်နေရဆဲဖြစ်ပါတယ်။ ကစားသမားဟာ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်အတွင်းအမျိုးသမီး ၃ ဦးအပေါ် အဓမ္မကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံထားရတာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဗီလာရီးရဲလ်အနေနဲ့ အက်သလက်တီကိုကြယ်ပွင့်ဟောင်းကိုခေါ်ယူဖို့ တွန်းအားပေးလုပ်ဆောင်နေဆဲဖြစ်ပေမယ့် အခုလို ပရိသတ်တွေရဲ့ကန့်ကွက်မှုကြောင့် လုပ်ဆောင်မှုကို ရပ်တန့်လိုက်မလား ဒါမှမဟုတ် ပရိသတ်ကိုဆန့်ကျင်ပြီး ဂါနာလက်ရွေးစင်ကို အမိအရခေါ်ယူသွားမလား စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။