
ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ညွှန်ကြားချက်နဲ့အတူ ယူနိုက်တက်ရဲ့အသုံးစရိတ်တွေကို အဆမတန်လျှော့ချ
မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့ရှယ်ယာရှင် ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ ညွှန်ကြားချက်တွေနဲ့အတူ မလိုအပ်တဲ့အသုံးစရိတ်တွေကို အဆမတန်လျှော့ချနေပြီး ယခုအခါမှာတော့ အဆိုပါအသုံးစရိတ်လျှော့ချရေး လုပ်ဆောင်ချက်ဟာ အသင်းရဲ့ ဆယ်လိုတိပ်အသုံးပြုမှုနဲ့ ဟင်းသီးဟင်းရွက်ဝယ်ယူရေးအခန်းကဏ္ဍတွေအထိ ရောက်ရှိလာခဲ့ပြီလို့သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ယူနိုက်တက်ရဲ့ ရှယ်ယာတွေကို ပေါင် ၁.၀၃ ဘီလီယံနဲ့ဝယ်ယူခဲ့တဲ့ ရက်ကလစ်ဖ်ဟာ တစ်နှစ်အတွင်းမှာပဲ အသင်းရဲ့အသုံးစရိတ်ပိုင်းကို အသေးစိတ်စီစစ်နေပြီး မလိုအပ်တဲ့ငွေကြေးဆုံးမှုတွေမဖြစ်အောင် အဓိကအာရုံစိုက်နေတာဖြစ်ပါတယ်။
INEOS အကြီးအကဲ ဆာဒေ့ဗ်ဘရေးစ်ဖို့ဒ်နဲ့အတူ ရက်ကလစ်ဖ်ဟာ ယူနိုက်တက်နဲ့သက်ဆိုင်တဲ့ အခန်းကဏ္ဍအားလုံးကို တာဝန်ယူဆောင်ရွက်ဖို့ အခွင့်အရေးရှိနေတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာပဲ ရက်ကလစ်ဖ်ဟာ ယူနိုက်တက်မှာ မလိုအပ်တဲ့အပိုဝန်ထမ်း အယောက် ၂၅၀ ကို လျှော့ချခဲ့ပြီး ပေါင် ၃၅ သန်းအထိ သက်သာအောင်ဆောင်ရွက်ခဲ့ပါတယ်။
ယခုလအစောပိုင်းမှာလည်း ယူနိုက်တက်ဟာ နောက်ထပ် ဝန်ထမ်းတွေကိုလျှော့ချဖို့ ထပ်မံပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်ထားပါတယ်။ ဒါ့အပြင် ရာသီအစောပိုင်းတုန်းယူနိုက်တက်ဟာ အသင်းရဲ့ လက်မှတ်ခတွေကို မြှင့်တင်ခဲ့ပြီး အနိမ့်ဆုံး လက်မှတ်ကို ၆၆ ပေါင်အထိ ဈေးနှုန်းသတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။
Telegraph ရဲ့အဆိုအရ ရက်ကလစ်ဖ်ဟာ အသင်းရဲ့ကဏ္ဍပေါင်းစုံက မလိုအပ်တဲ့အသုံးစရိတ်တွေကို လျှော့ချဖို့ပြင်ဆင်နေတယ်လို့သိရပြီး ယခုအခါမှာတော့ ဆယ်လိုတိပ်အသုံးပြုမှုနဲ့ ဟင်းသီးဟင်းရွက်ဝယ်ယူရေး အခန်းကဏ္ဍတွေအထိပါ စွက်ဖက်လာခဲ့ပြီလို့သိရပါတယ်။ သတင်းတွေအရ ယူနိုက်တက်က အသင်းမှာအသုံးပြုနေတဲ့ ဆယ်လိုတိပ်တွေဝယ်ယူဖို့ အော်ဒါမှာထားခဲ့ပေမယ့် မလိုအပ်ဘူးလို့ယူဆခံရပြီးနောက် ပြန်လည်ပေးပို့လိုက်ရတယ်လို့သိရပါတယ်။
ဒါ့အပြင် အသင်းရဲ့ကန်တင်းမှာလည်း အသုံးစရိတ်နဲ့ပတ်သက်ပြီး သိသိသာသာလျှော့ချမှုတွေပြုလုပ်နေကာ ဟင်းသီးဟင်းရွက်ဝယ်ယူတဲ့နေရာမှာ တိတိကျကျတင်ပြဖို့ တောင်းဆိုထားတယ်လို့သိရပါတယ်။ ယူနိုက်တက်ရဲ့စည်းကမ်းအသစ်အရ ပေါင် ၂ သောင်းခွဲနဲ့အထက် ဟင်းသီးဟင်းရွက်တွေဝယ်ယူလိုပါက ကန်တင်းရဲ့ကြီးကြပ်သူအနေနဲ့ အသင်းထံ တင်ပြဖို့လိုအပ်သွားမှာဖြစ်ပြီး ခွင့်ပြုချက်ရမှာသာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ တစ်ဖက်မှာ အသုံးစရိတ်ကို အတတ်နိုင်ဆုံးခြွေတာဖို့ကြိုးစားနေတဲ့ ယူနိုက်တက်ရဲ့အကြီးအကဲတွေဟာ တစ်ဖက်မှာလည်း ပေါင် ၂ ဘီလီယံတန် ပရိသတ်ဦးရေ ၁ သိန်းဆံ့ဝင်တဲ့ အားကစားကွင်းသစ်ကြီးဆောက်လုပ်ဖို့ အစီအစဉ်ဆွဲနေပါတယ်။
ယူနိုက်တက်အနေနဲ့ အသင်းမှာမလိုအပ်ဘဲဆုံးရှုံးခဲ့ရတဲ့ ငွေကြေးကို ပြန်လည်ကာမိဖို့ ကြိုးစားနေတာဖြစ်ပြီး ရက်ကလစ်ဖ်အနေနဲ့ အသင်းမှာ ၅ လသာနေထိုင်ပြီး ထွက်ခွာခဲ့တဲ့ ဒန်အက်ရှ်ဝေါ့သ်အတွက် လျော်ကြေးငွေ ပေါင် ၄.၁ သန်းပေးချေရတာမျိုးကို အလိုမရှိဘူးလို့သိရပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ အသင်းကနေထုတ်ပယ်လိုက်တဲ့ နည်းပြအဲရစ်တန်ဟက်အတွက် လျော်ကြေးငွေ ပေါင် ၁၀.၄ သန်းအထိပေးချေခဲ့ရသလို၊ နည်းပြသစ်ရူဘင်အာမိုရင်အတွက်လည်း စပို့တင်းလစ္စဘွန်းအတွက် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၀.၆ သန်းပေးချေထားခဲ့ရတာဖြစ်ပါတယ်။