
ဖီအိုရင်တီးနား ကွင်းလယ်လူ အမ်မရာဘတ်ကိုခေါ်ယူဖို့ တရားဝင်မကမ်းလှမ်းရသေးတဲ့ မန်ချက်စတာယူနိုက်တက်
ဖီအိုရင်တီးနားကွင်းလယ်လူ အမ်မရာဘတ်က မန်ချက်စတာယူနိုက်တက်ဆီ ပြောင်းရွှေ့ရန် အဆင်သင့်ဖြစ်နေပေမယ့် ပရီးမီးယားလိဂ်ကလပ်အသင်းဘက်ကတော့ အခုအပြောင်းအရွှေ့အတွက် တရားဝင်ကမ်းလှမ်းမှုတစုံတရာ မပြုလုပ်ရသေးဘူးလို့ သိရပါတယ်။
အသက်-၂၆ နှစ်အရွယ် မော်ရိုကိုကြယ်ပွင့်ဟာ ယူနိုက်တက်ဆီပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိထားပြီး အဲရစ်တန်ဟက်ကလည်း အားနည်းနေတဲ့ ကွင်းလယ်ပိုင်းအတွက် အမ်မရာဘတ်ကို ခေါ်ယူနိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။ ယူနိုက်တက်ဟာ အမ်မရာဘတ်ကိုခေါ်ယူနိုင်ရေး အချိန်အတော်ကြာ ပစ်မှတ်ထားခဲ့ပေမယ့် အသင်းရှိကစားသမားအချို့ကို ရောင်းထုတ်နိုင်ခြင်းမရှိသေးတာကြောင့် အမ်မရာဘတ်ရဲ့ အပြောင်းအရွှေ့ကို အကောင်အထည်ဖော်ဖို့ နှောင့်နှေးနေတာပါ။
ယူနိုက်တက်က အခုနွေရာသီကစားသမားသစ်ခေါ်ယူမှုတွေအတွက် ဘဏ္ဍာရေးမျှခြေစည်းမျဉ်းစည်းကမ်းတွေအရ အသားတင်ပေါင်သန်း ၁၂၀ အထိ သုံးစွဲခွင့်ရှိနေချိန်မှာပဲ ပေါင် ၁၇၂ သန်းအထိ သုံးစွဲခဲ့ပြီးဖြစ်လို့ အသင်းရှိ ကစားသမားတွေကို ရောင်းချကာ ဘဏ္ဍာငွေ ပေါင် ၅၂ သန်းအထိ ပြန်လည်ဖြည့်တင်းဖို့ လိုအပ်နေတာပါ။
လတ်တလောမှာ ယူနိုက်တက်ဟာ အန်တိုနီအီလန်ဂါ၊ တဲလက်စ်၊ ကိုဗာနဲ့ ဖရက်ဒ်တို့ကို ရောင်းချကာ ပေါင်သန်း ၄၀ ထိရှာဖွေထားနိုင်ခဲ့သလို ဒင်းဟန်ဒါဆန်ကိုလည်း ခရစ္စတယ်ပဲလေ့စ်ဆီ ပေါင်သန်း ၂၀ ဖြင့်ရောင်းချနိုင်ဖို့ နီးစပ်နေပါတယ်။ ဒါပေမယ့် ယူနိုက်တက်က ပေါင်သန်း ၃၀ တန်သဘောတူညီမှုတစ်ခုနဲ့ အမ်မရာဘတ်ကို ခေါ်ယူနိုင်ရေးမှာ ဘဏ္ဍာငွေေပေါင်သန်း ၂၀ ဝန်းကျင်ကို မဖြစ်မနေဖြည့်တင်းနိုင်ဖို့ လိုအပ်နေပါတယ်။
မော်ရိုကိုလက်ရွေးစင်ကစားသမားဟာ အခုဘောလုံးရာသီသစ်၊ ဖီအိုရင်တီးနားအသင်းလူစာရင်းမှာ အပြောင်းအရွှေ့ကာလမပြီးဆုံးခင်အထိ ပါဝင်လာဖို့မရှိဘဲ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့သာ စိတ်ဝင်စားနေတာပါ။ အခုနွေရာသီအပြောင်းအရွှေ့ကာလက လေးရက်သာအချိန်ကျန်ရှိတော့လို့ အိုးထရက်ဖို့ဒ်ကလပ်အနေဖြင့် အမ်မရာဘတ်ကို ခေါ်ယူနိုင်မလား၊ လက်လွှတ်ရမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။