The network connection is lost.

Banner Image

ဒီလစ်ချ်အတွက် ဘိုင်ယန်မြူးနစ် တောင်းဆိုထားတဲ့ဈေးကို ပေးမယ့် ယူနိုက်တက်

ယူနိုက်တက်ဟာ ဗာရာနီ ထွက်ခွာသွားပြီးနောက် နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွက် ဦးစားပေးအဖြစ် ဗဟိုနောက်ခံလူသစ်တစ်ဦးကို ခေါ်ယူဖို့လုပ်နေပါတယ်။

အဲဗာတန်မှ ဘရန့်ဝိတ်ဟာ ယူနိုက်တက်ရဲ့ ဆန်ခါတင်စာရင်းတွင် ပါဝင်နေသူတစ်ဦးဖြစ်သော်လည်း ကနဦးကမ်းလှမ်းမှုဖြစ်တဲ့ ပေါင် ၄၅ သန်းက ယခုအပတ်အတွင်း ပယ်ချခြင်းခံခဲ့ရပါတယ်။ အဲဗာတန်ဟာ အသက် ၂၁ နှစ်အရွယ် ကစားသမားအတွက် ပေါင်သန်း ၇၀ ဖြင့် ဈေးကိုင်ထားတာကြောင့် ယူနိုက်တက်အနေနဲ့ ခေါ်ယူမယ်ဆိုရင်တောင် ပြောင်းရွှေ့ကြေး အများကြီးသုံးရမှာဖြစ်ပါတယ်။

Sky Germany ရဲ့ဖော်ပြချက်အရ ဒီလစ်ချ်ဟာ ယူနိုက်တက်အတွက် အစားထိုးရွေးချယ်မှုတစ်ခုဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်ဟာ အေဂျက်စ်မှာတုန်းက တန်ဟက်ရဲ့ လက်အောက်တွင် ကစားခဲ့တဲ့ နယ်သာလန်လက်ရွေးစင်အတွက် အပြောင်းအရွှေ့ကိစ္စနှင့် ပတ်သက်ပြီး အတွင်းပိုင်းဆွေးနွေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီလစ်ချ်ကို ယခုနွေရာသီတွင် ရောင်းချရန် ပြင်ဆင်နေသော်လည်း ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ (ပေါင် ၄၂ သန်း) လောက် လိုချင်နေတာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင်လတွင် အေဂျက်အသင်းမှ ယူရို ၇၇ သန်း (ပေါင် ၆၅.၆ သန်း) ဖြင့် ဘိုင်ယန်သို့ ရောက်ရှိလာခဲ့တဲ့ ဒီလစ်ချ်ဟာ ဒဏ်ရာကြောင့် ယခုရာသီတွင် ကောင်းကောင်းမကစားထားရဘဲ ဘွန်ဒက်လီဂါတွင် ၁၆ ပွဲသာ ပါဝင်ကစားခဲ့ရပါတယ်။ အသက် ၂၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဆိုပါကစားသမားဟာ တနင်္ဂနွေနေ့ ပိုလန်နဲ့ ကစားမယ့် ယူရို ၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ်အတွက် ပြင်ဆင်နေတာကြောင့် နယ်သာလန် လက်ရွေးစင်အသင်းမှာ ရှိနေပါတယ်။

ရော်နယ်ကိုးမန်းရဲ့ အသင်းဟာ အုပ်စု D မှာ ပြင်သစ်နဲ့ သြစတြီးယားတို့နဲ့ ဆက်လလက်ကစားရမှာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ရှိ သူ့ရဲ့အနာဂတ်အကြောင်း မေးမြန်းတဲ့အခါ ဒီလစ်ချ်က "ဒါဟာ စဉ်းစားရမယ့်အချိန်မဟုတ်ဘူးလို့ ကျွန်တော်ပြောထားပြီးသားပါ" "ကျွန်တော်တို့ အခု ယူရိုပြိုင်ပွဲမှာ ကစားနေပြီး အဲဒါက ကျွန်တော်နဲ့ နိုင်ငံအသင်းအတွက် အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လိုထင်မြင်ယူဆချက်တွေကိုမှ မပြောနိုင်သေးပါဘူး" "ဒါပေမယ့် ကျွန်တော်ပြောနိုင်တာက အခု ကျွန်တော် ဘိုင်ယန်မှာ ဒုတိယရာသီကို ကစားခဲ့ရလို့ အရမ်းပျော်ပါတယ်။ အခုအချိန်မှာ ကျွန်တော် ယူရိုကို အာရုံစိုက်နေပြီး ဘာတွေဖြစ်လာမလဲဆိုတာကို မြင်တွေ့ရမှာပါ"လို့ ဖြေသွားပါတယ်။