The network connection is lost.

Banner Image

ဆန်ချိုကို ရောင်းချဖို့ ၁၀၀ ရာခိုင်နှုန်းဆုံးဖြတ်ထားပြီး ဈေးနှုန်းကိုလည်း လျှော့ချပေးထားတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီက အသင်းကနေ ဒေါ့မွန်သို့ အငှားနဲ့ ထွက်ခွာသွားခဲ့တဲ့ ကြယ်ပွင့်ကစားသမား ဂျေဒန်ဆန်ချိုကို လာမယ့်နွေရာသီမှာ အပြီးသတ်ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ကစားသမားရဲ့တန်ကြေးကိုလည်း ယခင်ကသတ်မှတ်ထားတဲ့ဈေးနှုန်းထက် လျှော့ချပေးသွားမယ်လို့သိရပါတယ်။ 
 
အသင်းဟောင်းဒေါ့မွန်နဲ့ပြန်လည်ချိတ်ဆက်ခဲ့တဲ့ ဆန်ချိုဟာ မန်နေဂျာ အီဒင်တာဇစ်ရဲ့ လက်အောက်မှာ ပြောင်မြောက်တဲ့စွမ်းဆောင်ရည်ကို ပြန်လည်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့တာကြောင့် ဂျာမန်ကလပ်က သူ့ကို အပြီးသတ်ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ယူနိုက်တက်က တောင်ပံကစားသမားကို အပြီးသတ်ရောင်းချရာမှာ ကစားသမားကိုခေါ်ယူခဲ့စဉ်တုန်းက တန်ကြေးကို ပြန်လည်ကာမိစေဖို့အတွက် ကနဦးက ပေါင် ၅၅ သန်းအထိ ဈေးနှုန်းသတ်မှတ်ထားခဲ့ပါတယ်။
 
သို့သော်လည်း ယခုအခါမှာတော့ ဘီဘီစီရဲ့ဖော်ပြချက်အရ အိုးလ်ထရက်ဖို့ဒ်အသင်းဟာ ဆန်ချိုရဲ့ဈေးနှုန်းကို ပေါင်သန်း ၄၀ အထိ လျှော့ချခဲ့ပြီး ယခုနွေရာသီမှာပဲ အပြီးသတ်ရောင်းချသွားမယ်လို့သိရပါတယ်။ ယူနိုက်တက်ဟာ ဆန်ချိုကို အသင်းနည်းပြ အဲရစ်တန်ဟက်နဲ့ ပြန်လည်ပေါင်းစည်းစေဖို့ ဆန္ဒမရှိတာကြောင့် ယခုလို ဆုံးဖြတ်ခဲ့တယ်လို့သိရပြီး ဆန်ချိုနဲ့ တန်ဟက်တို့ဟာ ပြီးခဲ့တဲ့ရာသီက လူသိရှင်ကြား အငြင်းပွားမှုတွေဖြစ်ပွားခဲ့ပြီး ဆက်ဆံရေးပျက်ပြားခဲ့တာဖြစ်ပါတယ်။
 
ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ ယူနိုက်တက်ဟာ ယခုနှစ်နွေရာသီမှာ အင်္ဂလန်သားကို အပြီးသတ်ရောင်းချဖို့ ၁၀၀ ရာခိုင်နှုန်းကတိပြုထားပြီး ဒေါ့မွန်အနေနဲ့ အသက်-၂၄ နှစ်အရွယ် ကစားသမားကို ပြန်လည်ခေါ်ယူလိုပေမယ့် ကစားသမားရဲ့ ခြေစွမ်းထက်မြက်နေမှုကြောင့် အခြားဥရောပအသင်းကြီးတွေနဲ့ အပြိုင်အဆိုင်ကမ်းလှမ်းသွားရဖွယ်ရှိနေပါတယ်။
 
ဆန်ချိုဘက်ကလည်း ရာသီကြိုအစီအစဉ်တွေမှာ ပါဝင်နိုင်ဖို့အတွက် အသင်းသစ်နဲ့ အလျင်အမြန်ပူးပေါင်းနိုင်ဖို့ ဆန္ဒရှိနေတယ်လို့သိရပါတယ်။ ဒေါ့မွန်အနေနဲ့ ကစားသမားကို အငှားနဲ့သာ ခေါ်ယူလိုပေမယ့် ယူနိုက်တက်ဘက်ကတော့ အပြီးသတ်ရောင်းချဖို့သာ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။