The network connection is lost.

Banner Image

ဒီလစ်ချ်ကို ပေါင် ၃၄ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ်ဗဟိုခံစစ်မှူး ဒီလစ်ချ်ကို ခေါ်ယူဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေပြီး ယခုအခါမှာတော့ ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းနဲ့ သဘောတူညီမှု ရရှိတော့မယ်လို့ သိရပါတယ်။

နယ်သာလန် လက်ရွေးစင်ကစားသမားကလည်း ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ဖို့ မီးစိမ်းပြထားပြီး အေဂျက်စ်မှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြဟောင်း အဲရစ်တန်ဟက်နဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ပြန်လည်ပေါင်းစည်းလိုနေတာလည်းဖြစ်ပါတယ်။ သို့သော်လည်း ဘိုင်ယန်မြူးနစ်ပရိသတ်တွေကတော့ အသင်းရဲ့နောက်ခံလူကို ဆက်လက်ထိန်းသိမ်းထားဖို့ အသနားခံစာတွေရေးသားခဲ့ကြတာကြောင့် ယခုလို ကစားသမားရဲ့ ဆုံးဖြတ်ချက်ကို ကျေနပ်ကြခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘောလုံးရာသီကို ဖလားလက်မဲ့နဲ့ဖြတ်သန်းခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်အနေနဲ့ နောက်ရာသီမှာ အသင်းကိုပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဖို့ မျှော်လင့်ထားပြီး အသင်းရဲ့အဓိက ကစားသမား ၆ ဦးကို ရောင်းချဖို့ ပြင်ဆင်ထားတာကြောင့် ဒီလစ်ချ်ကလည်း အဆိုပါကစားသမားစာရင်းထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ ဂျူဗင်တပ်စ်ကနေ ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့လာခဲ့တဲ့ ဒီလစ်ချ်ဟာ ဂျာမန်ကလပ်အတွက် ဘွန်ဒက်စ်လီဂါပွဲစဉ် ၂၂ ပွဲ ပါဝင်ကစားထားပြီး ပြီးခဲ့ရာသီက အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ ရပ်တည်စေခဲ့ပါတယ်။ နယ်သာလန်ကြယ်ပွင့်ဟာ ဘိုင်ယန်မြူးနစ်နဲ့ အတူ ချန်ပီယံလိဂ်မှာလည်း ၆ ပွဲအထိပါဝင်ကစားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အသက်-၂၄ နှစ်အရွယ် ကစားသမားဟာ နယ်သာလန် လက်ရွေးစင်အသင်းနဲ့အတူ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့လူစာရင်းမှာ ပါဝင်ခွင့်ရထားပေမယ့် အရန်ခုံသာထိုင်နေရပြီး တစ်ပွဲမှ ပါဝင်ကစားထားနိုင်ခြင်းမရှိသေးပါဘူး။ ယူနိုက်တက်အနေနဲ့ ယူရိုပြိုင်ပွဲအပြီးမှာတော့ နောက်ခံလူကို အပြီးသတ်ခေါ်ယူသွားနိုင်ဖွယ်ရှိနေပါတယ်။