The network connection is lost.

Banner Image

ဇာကီကို ခေါ်ယူနိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ ဘိုလော့ဂ်နာကြယ်ပွင့် ဂျိုရှူးဝါးဇာကီကို ခေါ်ယူနိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်ပြီး မကြာမီမှာပဲ သဘောတူညီမှုရတော့မယ်လို့သိရပါတယ်။

ယူနိုက်တက်ဟာ လာမယ့်ရာသီမှာ အသင်းရဲ့တိုက်စစ်ပိုင်းကို မြှင့်တင်နိုင်ဖို့ အဓိက ကြိုးပမ်းနေပြီး နွေရာသီကာလမှာ တိုက်စစ်ကစားသမားတွေကို ချိတ်ဆက်နေတာကြောင့် နယ်သာလန်လက်ရွေးစင် ဇာကီဟာ အသင်းရဲ့ထိပ်တန်းပစ်မှတ်ထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရရှိထားပြီးဖြစ်သော်လည်း ဘိုလော့ဂ်နာနဲ့တော့ အခုချိန်အထိ သဘောတူညီမှု မတည်ဆောက်နိုင်သေးပါဘူး။

ဖာဘရီဇီယို ရိုမာနိုရဲ့အဆိုအရတော့ ယူနိုက်တက်ဟာ ကစားသမားအတွက် စာချုပ်လျော်ကြေး ပေါင် ၃၄ သန်း ပေးချေသွားရမယ်လို့သိရပါတယ်။  ဒါ့အပြင် သဘောတူညီမှုအသစ်တွေ ချမှတ်ဖို့ အိုးလ်ထရက်ဖို့ဒ်အသင်းဟာ စီးရီးအေကလပ်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်သွားရဦးမှာလည်းဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပြောင်းရွှေ့ကြေးကို ချက်ချင်းပေးချေလိုခြင်းမရှိဘဲ နှစ်နဲ့ချီပြီး အရစ်ကျ ပေးချေသွားလိုနေတာဖြစ်ပါတယ်။ ဘိုလော့ဂ်နာ အနေနဲ့လည်း ယခင်က ဇာကီရဲ့အသင်းဟောင်း ဘိုင်ယန်မြူးနစ်နဲ့ ထားရှိခဲ့တဲ့သဘောတူညီမှုအရ ကစားသမားကို ရောင်းရငွေထဲမှ ၅၀ ရာခိုင်နှုန်းကို ဘွန်ဒက်စ်လီဂါကလပ်ထံ ပေးချေသွားရမှာဖြစ်လို့ အခုလို ယူနိုက်တက်ရဲ့ အစီအစဉ်ကို သဘောကျနေတယ်လို့ဆိုပါတယ်။

အီတလီကလပ်နဲ့အတူ ပြီးခဲ့တဲ့ရာသီမှာ အလွန်ထွန်းတောက်ခဲ့တဲ့ ဇာကီကို ကလပ်အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ ဘိုင်ယန်မြူးနစ်နဲ အေစီမီလန်တို့ကလည်း ပစ်မှတ်ထားနေကြတာဖြစ်ပါတယ်။ သို့သော်လည်း လက်ရှိအခြေအနေအရတော့ ကစားသမားအနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကိုသာရောက်ရှိဖို့ ဖြစ်နိုင်ခြေများနေပါတယ်။

ဘိုလော့ဂ်နာဘက်ကလည်း အသက်-၂၃ နှစ်အရွယ် ကစားသမားဟာ ယခုနွေရာသီမှာ အသင်းကနေထွက်ခွာဖို့ ၉၉.၉ ရာခိုင်နှုန်းသေချာတယ်လို့ အတည်ပြုထားပါတယ်။ လက်ရှိအချိန်မှာတော့ ဇာကီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်ထားနိုင်တဲ့ နယ်သာလန်အသင်းမှာ ပါဝင်ကစားနေပါတယ်။ ကနဦးက ဇာကီဟာ နယ်သာလန်အတွက် ရွေးချယ်ခြင်းမခံခဲ့ရပေမယ့် ဖရန်ကီဒီဂျောင်ဒဏ်ရာ ရခဲ့တာကြောင့် အစားထိုးအနေနဲ့ အရေးပေါ် ပါဝင်လာနိုင်ခဲ့တာဖြစ်ပါတယ်။

လာမယ့်ဗုဒ္ဓဟူးနေ့မှာတော့ နယ်သာလန်ဟာ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အင်္ဂလန်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဇာကီအနေနဲ့ အသင်းအတွက် ပါဝင်ကစားပေးနိုင်မလား စောင့်ကြည့်ရပါမယ်။