The network connection is lost.

Banner Image

အာဆင်နယ်ကချိတ်ဆက်နေတဲ့ တိုက်စစ်မှူး ဝက်ကင်းစ်ကိုရောင်းချသွားမှာမဟုတ်ကြောင်း ပြောကြားလာတဲ့ အမ်မရီ

အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ရဲ့ချိတ်ဆက်မှုတွေခံနေရတဲ့ အသင်းရဲ့တိုက်စစ်မှူး အိုလီဝက်ကင်းစ်ကို ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ရောင်းချသွားဖို့ အစီအစဉ်မရှိကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ 

ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်မှာ အက်စတွန်ဗီလာဟာ ဆဲလ်တစ်ကို ၄-၂ နဲ့ဂိုးပြတ်အနိုင်ယူပြီး ရှုံးထွက် ၁၆ သင်းအဆင့်ကိုတိုက်ရိုက်တက်လှမ်းနိုင်ခဲ့လို့ အပြုသဘောဆောင်တဲ့အချက်တွေရှိခဲ့ပေမယ့် အသင်းရဲ့တိုက်စစ်မှူး ၂ ဦးဖြစ်တဲ့ ဝက်ကင်းစ်နဲ့ ဂျွန်ဒူရန်တို့ရဲ့အနာဂတ်ကတော့ မသေချာတဲ့အခြေအနေမှာရှိနေတာဖြစ်ပါတယ်။ 

အူနိုင်းအမ်မရီက ဒူရန်ဟာ ဆော်ဒီအာရေဗျကလပ် အယ်လ်နာဆာသို့ ပေါင် ၆၃ သန်းနဲ့ပြောင်းရွှေ့ဖွယ်ရှိနေပြီး ကြာသပတေးနေ့ လန်ဒန်မှာ ဆေးစစ်ချက်တွေပြုလုပ်သွားမယ်လို့ဆိုပါတယ်။ သို့သော်လည်း အမ်မရီက အာဆင်နယ်ရဲ့ချိတ်ဆက်မှုတွေခံထားရတဲ့ ဝက်ကင်းစ်ကိုတော့ ရောင်းချဖို့ဆန္ဒမရှိကြောင်း ပြောကြားခဲ့ပါတယ်။ 

အမ်မရီက “ကျွန်တော် ဝက်ကင်းစ်ကိုမရောင်းချင်ပါဘူး။ ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမဆို ကျွန်တော်တို့ ငြင်းပယ်ဖို့ကြိုးစားသွားပါမယ်။ သူက ကျွန်တော်တို့အတွက်အရေးပါတဲ့တိုက်စစ်မှူးပါ။ ကျွန်တော်တို့ရဲ့ကစားသမားတွေနဲ့ပတ်သက်ပြီး ကောလာဟလတွေထွက်ပေါ်နေပေမယ့် အရေးကြီးဆုံးက သူတို့ရဲ့စွမ်းဆောင်ရည် မကျဆင်းသွားဖို့ပါပဲ။ သူတို့ကိုယ်တိုင်ကလည်း ရင့်ကျက်ပြီး တာဝန်သိတဲ့ ကစားသမားတွေအဖြစ် ပြသထားနိုင်ပါတယ်”

“ဒူရန်အပေါ် ကျွန်တော့်ရဲ့အမြင်ကတော့ သူက အရမ်းကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး အလားအလာကောင်းတွေရှိနေပါတယ်။ ကျွန်တော်သူ့ကို ဒီမှာဆက်နေစေချင်ပေမယ့် သူကဘာဖြစ်ချင်တာလဲဆိုတာက ရှိပါသေးတယ်။လူတိုင်းက ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ်ဆိုတော့ လေးစားမှုထားရပါမယ်” “သူ့အနေနဲ့ အသင်းကနေထွက်ချင်တယ်ဆိုရင် သူ့မှာအခြားရည်ရွယ်ချက်ရှိနေလို့ပါ။ ဒါက အသင်းအတွက်လည်း သတင်းကောင်းတစ်ခုပါပဲ။ သူ့ကို ၂ နှစ်အတွင်း ပြုစုပျိုးထောင်ခဲ့ပြီး အခုတော့ ငွေကြေးအမြတ်စွန်းရရှိပါတော့မယ်။ အခြားကလပ်တွေဆီကနေ ကမ်းလှမ်းမှုတွေရလာတာ သတင်းကောင်းပါ။ ကျွန်တော်တို့ကတော့ ရှိသလောက်လူစာရင်းနဲ့ အသင်းရဲ့ရည်ရွယ်ချက်တွေကို  ဖြည့်ဆည်းသွားပါမယ်။ ကစားသမားတွေကိုအစားထိုးရတာမလွယ်ပေမယ့် တတ်နိုင်သလောက်ကြိုးစားသွားမှာပါ။” လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး ဆဲလ်တစ်ကိုအနိုင်ရခဲ့ပေမယ့် ပထမပိုင်းအတွင်း အသင်းရဲ့ကစားပုံ အားရစရာမရှိခဲ့ကြောင်းကို အမ်မရီက “ပထမပိုင်းအတွင်းအသင်းရဲ့ ကစားသမားတွေအပေါ် တော်တော်လေးစိတ်ပျက်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အရမ်းကိုကောင်းခဲ့ပါတယ်။ ၂-၀ နဲ့ဦးဆောင်ထားနိုင်ချိန် ကျွန်တော်တို့မှာ နောက်ထပ် မိနစ်တွေအများကြီးကစားဖို့ကျန်သေးပေမယ့် ကစားသမားတွေရဲ့စိတ်ဓာတ်ပိုင်းက အားရစရာမရှိခဲ့ပါဘူး။ ပြိုင်ဘက်ရဲ့လေးစားမှုကို ဆုံးရှုံးသွားရင် ပြောင်းလဲမှုတွေဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသင်းအတွက် အများကြီးဂုဏ်ယူမိပါတယ်” လို့ပြောကြားခဲ့ပါတယ်။