
ဆွန်ဟောင်မင်ရဲ့စာချုပ်မှာပါတဲ့ ၁ နှစ်သက်တမ်းတိုးခွင့်ကို အသက်သွင်းဖို့ တော့တင်ဟမ် စဉ်းစားနေ
သတင်းတွေအရ တော့တင်ဟမ်အသင်းဟာ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ရဲ့စာချုပ်မှာပါတဲ့ ၁ နှစ်သက်တမ်းတိုးခွင့်ကို အသက်သွင်းဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
ဟယ်ရီကိန်းအပြောင်းအရွှေ့ကြောင့် တော့တင်ဟမ်က ဆွန်ဟောင်မင်ကိုလည်း လက်လွှတ်ရမှာစိုးရိမ်နေတာဖြစ်ပါတယ်။ တကယ်လို့ စာချုပ်ပါအချက်ကို အသက်သွင်းမယ်ဆိုရင် ဆွန်ဟောင်မင်ဟာ တော့တင်ဟမ်မှာ ကာလရှည်ဆက်ရှိနေတော့မှာဖြစ်ပြီး လက်ရှိစာချုပ်သက်တမ်းက ၂၀၂၅ မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
တယ်လီဂရက်ဖ်သတင်းဌာနရဲ့အဆိုအရ တော့တင်ဟမ်ဟာ ဆွန်ရဲ့စာချုပ်ပါအချက်ကို အသက်သွင်းဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ တောင်ကိုရီးယားသားဟာ လိုရစ်ထွက်ခွာမှုနဲ့အတူ တော့တင်ဟမ်အသင်းရဲ့ အသင်းခေါင်းဆောင်အသစ်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
အသင်းခေါင်းဆောင်လက်ပတ်ရယူပြီးကတည်းက ဆွန်ဟာ နည်းပြသစ် ပိုစတီကိုဂလူလက်အောက်မှာ ၅ ပွဲအတွင်း ၃ ဂိုး သွင်းယူနိုင်ခဲ့ကာ ဘန်လေနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ ၂၀၁၅ လေဗာကူဆင်ကနေပြောင်းလာပြီးကတည်းက ဆွန်ဟာ တော့တင်ဟမ်အတွက် ပြိုင်ပွဲစုံ ၃၇၇ ပွဲမှာ ၁၄၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။
ဆွန်ဟောင်မင်ဟာ မကြာသေးခင်တုန်က အာဆင်နယ်စတား ဆာကာနဲ့ ဖက်ရှင်ရှိုးတစ်ခုအတွက် ဓာတ်ပုံရိုက်ခဲ့သေးတာ ဖြစ်ပါတယ်။ သူတို့ ၂ သင်းဟာ ပထမဆုံးလန်ဒန်ဒါဘီအဖြစ် အာဆင်နယ်ရဲ့အိမ်ကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပြီး ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး လန်ဒန်ဒါဘီပွဲတွေထဲကတစ်ခုဖြစ်ပါတယ်။
ဆွန်ကို ပြီးခဲ့တဲ့ဖိုရမ်တုန်းက တော့တင်ဟမ်ဥက္ကဌ လီဗိုင်းနဲ့အတူ တွေ့မြင်ခဲ့ရသေးတာဖြစ်ပါတယ်။ လီဗိုင်းက အဆိုပါပရိသတ်တွေနဲ့တွေ့ဆုံခဲ့တဲ့ ဖိုရမ်မှာ သူ့အနေနဲ့ မော်ရင်ဟို နဲ့ ကွန်တီတို့ကို မှားယွင်းခေါ်ယူမိခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။