ဘွန်ဒက်စ်လီဂါရာသီအဖွင့်ပွဲစဉ်၊ ဂိုးပြတ်ရှုံးနိမ့်မှုအပေါ် ပြန်လည်သုံးသပ်ခဲ့တဲ့ ဂိုးသမားကာရီးယက်စ်
အော့စ်ဘတ်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်အပြီး လောရစ်ကာရီးယက်စ်က ရှော်ကေးလ်အသင်းရဲ့ဘွန်ဒက်စ်လီဂါတကျော့ပြန်ခရီးစဉ်မှာ ထိုက်တန်တဲ့ရှုံးနိမ့်မှုဖြင့် စတင်လာတယ်လို့ ဝန်ခံခဲ့ပါတယ်။
အခုပွဲစဉ်မှာ ရှော်ကေးလ်က ပွဲစဉ်ကို အကောင်းဆုံးစတင်နိုင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ပြိုင်ဘက်အော့စ်ဘတ်ရဲ့ထိန်းချုပ်မှုအောက် ရောက်ရှိသွားပါတယ်။
ပွဲစဉ်အပြီး ကာရီးယက်စ်က "ပထမပိုင်းမှာ ကျွန်တော်တို့ တကယ်ကို ကောင်းကောင်းကာကွယ်ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ "ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျွန်တော်တို့ရဲ့ဒုတိယပိုင်းကစားပုံကြောင့် အော့စ်ဘတ်အသင်းက အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့ပါတယ်။ အနီကတ်ကြောင့်လည်း ကျွန်တော်တို့အတွက် အခြေအနေ ပိုဆိုးရွားသွားခဲ့ပါတယ်"လို့ ဆက်ပြောခဲ့ပါတယ်။
အော့စ်ဘတ်အသင်းရဲ့အဖွင့်ဂိုးနဲ့ပတ်သက်လို့လည်း ကာရီးယက်စ်က မိမိကိုယ်ကိုယ်ပြန်လည်ဝေဖန်သုံးသပ်ခဲ့ပါတယ်။ ဘောလုံးလက်ခံရရှိပြီးနောက် ဂိုးသမားက ပွဲကိုအလျှင်အမြန်ပြန်စတင်ဖို့ ဘောလုံးပစ်ပေးခဲ့ပေမဲ့ ရှော်ကေးလ်အသင်းဖော်ဘက်ကာနဲ့ ချိန်သားမကိုက် ဖြစ်သွားခဲ့ပါတယ်။ အော့စ်ဘတ်က ဒီအခြေအနေကို အခွင့်အကောင်းယူခဲ့ပြီး အန်တွန်ကာဒီရဲ့ဖြတ်တင်ဘောမှတဆင့် မိုက်ကယ်ဂရီဂိုရစ်ချ်ရဲ့အဖွင့်ဂိုး ပေါ်ပေါက်လာပါတယ်။
"ပထမဆုံးဂိုးမှာ ကျွန်တော်လည်း သေချာပေါက်တာဝန်ရှိပါတယ်" လို့ ကားရီးယက်စ်က ဝန်ခံခဲ့ပါတယ်။ "ကျွန်တော်က ဘောလုံးအမြန်ပစ်ပေးပြီး ပွဲကို မြန်မြန်စတင်ချင်ခဲ့ပေမဲ့ စိတ်မကောင်းစရာကတော့ ဘက်ကာက ဒါကို မမီခဲ့ပါဘူး"လို့ ဆိုပါတယ်။
ဒါပေမဲ့ ဂိုးသမားက သူ့ရဲ့အခုလိုဆုံးဖြတ်ချက်အပေါ် အလွန်အမင်းဝေဖန်ဖို့ကိုတော့ ငြင်းဆိုခဲ့ပါတယ်။
"ဒါတွေက ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ နောက်တစ်ကြိမ်ကျရင်တော့ ကျွန်တော်တို့ ဒါကို ကောင်းမွန်တဲ့တန်ပြန်တိုက်စစ်အခွင့်အရေးတစ်ခုအဖြစ် ပြောင်းလဲနိုင်ပါလိမ့်မယ်"လို့ ကာရီးယက်စ်က ပြောပါတယ်။