The network connection is lost.

Banner Image

ကလပ်ကမ္ဘာ့ဖလားဖိုင်နယ်မတိုင်ခင် ဂျော်အိုပက်ဒရိုနဲ့ပတ်သက်လို့ ချဲလ်ဆီးဆီ သတင်းစကားပေးပို့လိုက်တဲ့ သီယာဂိုဆေးလ်ဗား

ဖလူမီနိစ်ကို အနိုင်ယူကာ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲဆီ ချဲလ်ဆီးတို့တက်ရောက်သွားခဲ့တဲ့ ပွဲစဉ်အတွင်း သွင်းဂိုးနှစ်ဂိုးလုံးကို သွင်းယူနိုင်ခဲ့တဲ့ ဂျော်အိုပက်ဒရိုကို ထူးရှယ်ကစားသမားတစ်ဦးအဖြစ် သီယာဂိုဆေးလ်ဗားက သတ်မှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ချဲလ်ဆီးက ဂျော်အိုပက်ဒရိုကို ပြောင်းရွှေ့ကြေးပေါင်သန်း ၆၀ ဖြင့် ဘရိုက်တန်မှ ခေါ်ယူခဲ့ပြီး ပါမီးရက်စ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ စတမ်းဖို့ဒ်ဘရစ်ချ်ကလပ်အတွက် အသက်-၂၃ နှစ်အရွယ်တိုက်စစ်မှူး ပွဲဦးထွက်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။

ဒါ့အပြင် ဘရာဇီးတိုက်စစ်မှူးက ဒီနေ့မနက်ပိုင်း၊ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး နယူးဂျာစီရှိ MetLife Stadium အတွင်း ထူးရှယ်ခြေစွမ်းပြကာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကိုပါ သိမ်းပိုက်ခဲ့ပါတယ်။ ဖလူမီနိစ်နဲ့ပွဲစဉ်အတွင်း ဂျော်အိုပက်ဒရိုရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့ သီယာဂိုဆေးလ်ဗားက  “ ဒီကလေးက ထူးခြားပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အတော်လေးသဘောကျပါတယ်။အတိတ်ကာလမှာလည်း ကျွန်တော့်ရဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ် ဂရုစိုက်ပေးနေသူတွေဆီ ဒီကောင်လေးအကြောင်း ပြောပြခဲ့ဖူးပါတယ်။ ဒီကောင်လေးက ကျွန်တော့်ရဲ့ကလေးတွေကိုလည်း ဂရုစိုက်ပေးနေတဲ့ ကျွန်တော့်ရဲ့အနှိပ်ကုထုံးပညာရှင်နဲ့ပဲ အလုပ်လုပ်တာပါ။ 

ကျွန်တော် ချဲလ်ဆီးမှာကစားနေချိန် သူ့ကို ဝက်ဖို့ဒ်တိုက်စစ်မှူးအဖြစ်နဲ့ ရင်ဆိုင်ကစားခဲ့ဖူးပါတယ်။ နှစ်ပွဲလုံးမှာ သူ ခြေစွမ်းပြခဲ့ပါတယ်။ ကျွန်တော်ကတောင် ဟေ့လူတွေ၊ ဒီကောင်လေး အရမ်းကောင်းတယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒီနေ့မှာလည်း သူ စိတ်အားတက်ကြွနေလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားပေမယ့် သူက ကောင်းမွန်တဲ့ကန်ချက်အချို့ကို ပြုလုပ်သွားခဲ့ပါတယ်။ အခုလိုအရေးကြီးတဲ့ပြိုင်ပွဲတစ်ရပ်မှာ ကျွန်တော်တို့ရဲ့ကောင်လေးတစ်ယောက်က ကျွန်တော်တို့ကို ပြိုင်ပွဲမှထုတ်ပယ်ပစ်ခဲ့ပါတယ်။ ဒါပေမယ့် ဂျော်အိုပက်ဒရိုကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်”လို့ Globo သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။

အခုတော့ ချဲလ်ဆီးက လာမယ့်တနင်္ဂနွေ့နေ့၊ ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီ(သို့)ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။ သီယာဂိုဆေးလ်ဗားကိုယ်တိုင်လည်း ၂၀၂၀ ပြည့်နှစ်၊ ချဲလ်ဆီးဆီ မပြောင်းရွှေ့ခင် ပီအက်စ်ဂျီမှာ ရှစ်နှစ်ကြာ ကစားခဲ့ဖူးတာကြောင့် တနင်္ဂနွေနေ့ဗိုလ်လုပွဲမှာ အသင်းဟောင်းနှစ်ခုထိပ်တိုက်တွေ့ဆုံမယ်ဆိုရင် သူ့ရဲ့သစ္စာရှိမှုကို ခွဲပေးရလိမ့်မယ်လို့ ဝန်ခံခဲ့ပါတယ်။

ဘရာဇီးဝါရင့်ခံစစ်မှူးက “ အခုအချိန်မှာ ချဲလ်ဆီးက ဘယ်ပြိုင်ဘက်နဲ့ရင်ဆိုင်ရသည်ဖြစ်စေ၊ ဗိုလ်လုပွဲမှာ အကောင်းဆုံးစွမ်းဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ပီအက်စ်ဂျီသာဖြစ်လာမယ်ဆိုရင် ကျွန်တော့်ရဲ့သစ္စာရှိမှုကို မျှဝေပေးရပါလိမ့်မယ်။ ရီးရဲလ်မက်ဒရစ်ဆိုရင်တော့ ချဲလ်ဆီးကို ကျွန်တော် သေချာပေါက်အားပေးသွားပါမယ်။ အခုတော့ ဂျာအိုပက်ဒရိုအတွက် အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးရင်း ခေါင်းမော့ရင်ကော့ကာ ရှေ့ဆက်သွားရပါမယ်”လို့ ဆိုပါတယ်။