
ရာသီကုန်မှာ အာဆင်နယ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမယ့် ပါတေး
အာဆင်နယ်ကွင်းလယ်လူ သောမတ်စ်ပါတေးဟာ အသင်းနဲ့စာချုပ်သက်တမ်းထပ်မံတိုးမြှင့်ဖို့ မရှိတာကြောင့် ရာသီကုန်မှာပဲ အမ်းမရိတ်စ်ကနေ ထွက်ခွာသွားမယ်လို့သိရပြီး ကစားသမားကို ဥရောထိပ်သီးကလပ် ၃ က အပြိုင်စိတ်ဝင်စားနေကြပါတယ်။ ချားဝက်စ်ရဲ့အဆိုအရ စွယ်စုံရကွင်းလယ်လူကို ဘာစီလိုနာ၊ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်စ်တို့က စိတ်ဝင်စားနေတာဖြစ်ပြီး လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့ ပစ်မှတ်ထားနေကြတယ်လို့သိရပါတယ်။ ဂါနာလက်ရွေးစင်ဟာ ဒီရာသီမှာ အာဆင်နယ်အတွက်ပြိုင်ပွဲစုံ ၃၉ ပွဲအထိပါဝင်ကစားပြီး နည်းပြကြီးမီခေးလ်အာတီတာရဲ့ အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်နေပေမယ့် နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။
အာဆင်နယ်အနေနဲ့ ပါတေးရဲ့နေရာမှာအစားထိုးဖို့ ကစားသမားသစ်တွေကို ပစ်မှတ်ထားနေဖြစ်ပြီး လက်ရှိအချိန်မှာတော့ ရီးရဲလ်ဆိုစီဒက်ကြယ့်ပွင့် မာတင်ဇူဘီမန်ဒီနဲ့ ရိုဆန်ဘော့လူငယ်ကစားသမား ဆဗီယာနီပန်တို့ကို စောင့်ကြည့်နေပါတယ်။ သို့သော်လည်း နီပန်ကို မန်စီးတီးကလည်း စိတ်ဝင်စားနေတယ်လို့သိရပါတယ်။
၂၀၂၀ ခုနှစ်မှာ အမ်းမရိတ်စ်သို့စတင်ရောက်ရှိလာခဲ့တဲ့ ပါတေးဟာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၁၅၄ ပွဲအထိပါဝင်ကစားပေးခဲ့ပါတယ်။ အသက်-၃၁ နှစ်အရွယ်ကစားသမားဟာ အာဆင်နယ်ကနေထွက်ခွာမယ်ဆိုရင် နွေရာသီမရောက်ခင်မှာပဲ နိုင်ငံခြားကလပ်တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ကြိုတင်ပြုလုပ်ထားနိုင်တယ်လို့သိရပါတယ်။ လာမယ့်ဗုဒ္ဓဟူးနေ့မှာအာဆင်နယ်ဟာ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်ပထမအကျော့ပွဲစဉ်အဖြစ် ပီအက်စ်ဗွီကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ယှဉ်ပြိုင်သွားရပါမယ်။