The network connection is lost.

Banner Image

ဘာစီလိုနာမှထွက်ခွာမယ့်အကြောင်းပြောလိုက်ချိန်မှာ ဟန်ဆီဖလစ်တစ်ယောက် ထိတ်လန့်သွားခဲ့‌ကြောင့် ဖွင့်ဟပြောကြားလာတဲ့ မာတီနက်ဇ်

ယခုနွေရာသီအတွင်း ဘာစီလိုနာနဲ့လမ်းခွဲပြီး ဆော်ဒီအာရေဗျကလပ် အယ်လ်နာဆာသို့ အံ့အားသင့်ဖွယ် ရုတ်တရက်ပြောင်းရွှေ့သွားခဲ့တဲ့ နောက်ခံလူ အီနီဂိုမာတီနက်ဇ်က အသင်းကနေထွက်ခွာမယ်လို့ ဖွင့်ပြောလိုက်ချိန်မှာ နည်းပြဟန်ဆီဖလစ်တစ်ယောက် ထိတ်လန့်အံ့ဩသွားခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

၂၀၂၅-၂၆ ရာသီမှာ မာတီနက်ဇ်တစ်ယောက် ဘာစီလိုနာနဲ့ဆက်လက် လက်တွဲသွားမယ်လို့ ယူဆထားခဲ့ကြပေမယ့် ကစားသမားဟာ လာလီဂါပြိုင်ပွဲစတင်ဖို့ ရက်ပိုင်းအလိုမှာပဲ အသင်းကနေထွက်ခွာကြောင်း ရုတ်တရက်ကြေညာလာခဲ့ပြီး နောက်ပိုင်းမှာတော့ အယ်လ်နာဆာသို့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ နောက်ခံလူက "ကျွန်တော်ဘာစီလိုနာကနေမထွက်ခင်မှာ ဟန်ဆီဖလစ်နဲ့စကားပြောခဲ့ပြီး ကျွန်တော်ထွက်တော့မယ်လို့ပြောတော့ သူအရမ်းအံ့ဩသွားပါတယ်။ ကျွန်တော်တို့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပြီး ကျွန်တော့်မှာ ငြင်းပယ်လို့မရလောက်အောင် ကောင်းမွန်တဲ့ကမ်းလှမ်းမှု လက်ခံရရှိခဲ့ကြောင်း သူ့ကိုပြောခဲ့ပါတယ်"

"ဘာစီလိုနာကနေထွက်ခွာဖို့က မလွယ်ကူခဲ့ပါဘူး။ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကို လျင်လျင်မြန်မြန်ပဲချမှတ်ခဲ့ရတာပါ။ ဒါပေမယ့် ကျွန်တော်အသင်းကနေထွက်ခွာဖို့ လွယ်လွယ်ကူကူခွင့်ပြုပေးခဲ့တဲ့ ဘာစီလိုနာကို ကျေးဇူးတင်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော့်ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးရာသီဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုအသင်းမျိုးမှာ နောက်ထပ်တစ်ရာသီဆက်နေဖို့တော့ ကျွန်တော့်အတွက် အရမ်းခက်ခဲပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ကစားသမားတွေအနေနဲ့ သူ့ရဲ့ကစားသမားဘဝနဲ့ မိသားစုဘဝအဆင်ပြေစေဖို့ အကောင်းဆုံးလမ်းတွေကိုပဲ ရွေးချယ်ကြရတာဖြစ်လို့ မာတီနက်ဇ်ရဲ့ဆုံးဖြတ်ချက်ကို နားလည်သဘောပေါက်သူတွေရှိသလို၊ အပြစ်တင်ဝေဖန်သူတွေလည်း ရှိခဲ့ပါတယ်။ မာတီနက်ဇ်ထွက်ခွာသွားပြီးနောက်မှာ ဘာစီလိုနာရဲ့ခံစစ်ပိုင်းက အရင်ကလောက် အားရစရာအခြေအနေမရှိတော့ဘဲ လက်ရှိကစားထားတဲ့ လာလီဂါ ၃ ပွဲမှာ ၃ ဂိုးအထိခွင့်ပြုထားခဲ့ရပါတယ်။