The network connection is lost.

Banner Image

အနီးဆုံးပြိုင်ဘက်ချဲလ်ဆီးအသင်း အမှတ်လျော့သွားလိမ့်မယ်လို့ မထင်မိခဲ့ဘူးလို့ ဝန်ခံလိုက်တဲ့ အန်းစလော့

တော့တင်ဟမ်ကို ၆-၃ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်မတိုင်ခင် အမှတ်ပေးချန်ပီယံဆုပြေးလမ်း အနီးဆုံးပြိုင်ဘက် ချဲလ်ဆီးအသင်းကို အခုသီတင်းပတ်၊ တနင်္ဂနွေနေ့ပွဲစဉ်မှာ ရမှတ်လျော့ကျသွားဖို့ မမျှော်လင့်ထားခဲ့ပါဘူးလို့ အန်းစလော့က ပြောပါတယ်။

အန်းစလော့က ပရီးမီးယားလိဂ်ချန်ပီယံဆုစိန်ခေါ်နိုင်သူတွေအဖြစ် မှတ်ကျောက်တင်ခံရနိုင်တဲ့ စွမ်းဆောင်ရည်မျိုးနဲ့ တော့တင်ဟမ်ကို ၆-၃ ဂိုးဖြင့် ချေမှုန်းနိုင်ခဲ့တဲ့ သူ့ရဲ့အသင်းကို မြင်တွေ့ခဲ့ရပါတယ်။ လက်ရှိမှာတော့ သူတို့တွေက အဲဗာတန်ကို ဂူဒီဆင်ပတ်ခ်မှာ ဂိုးမရှိသရေကျခဲ့တဲ့ ချဲလ်ဆီးထက် လေးမှတ်အသာရရှိအောင် စွမ်းဆောင်ထားနိုင်ပြီး ရလဒ်ပိုင်းနဲ့ပတ်သက်လို့ အံ့အားသင့်မိတယ်လို့ နယ်သာလန်သားက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အနီရောင်တပ်သားတွေက အခုရာသီ၊ ရှုံးပွဲတစ်ပွဲသာ ရှိသေးသလို လက်ကျန်ပွဲစဉ်တစ်ခုကိုလည်း ကစားရဖို့ ကျန်ရှိနေပါသေးတယ်။ ဒါကြောင့် သူတို့တွေက လက်ကျန်ပွဲစဉ်မှာသာ အနိုင်ရလဒ်ဖော်ဆောင်နိုင်မယ်ဆိုရင် အနီးဆုံးပြိုင်ဘက်ချဲလ်ဆီးကို ခုနစ်မှတ်အထိ ဖြတ်ထားနိုင်ပါလိမ့်မယ်။ အန်းစလော့ကတော့ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်လို့ ဝမ်းသာမိပေမယ့် အင်္ဂလန်ထိပ်သီးလိဂ်ပြိုင်ပွဲရဲ့ မှန်းဆမရတဲ့ သဘောသဘာဝအပေါ် အံ့အားသင့်နေခဲ့ပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အန်းစလော့က “ အမှန်ပါပဲ၊ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးနေရာမှာ ရှိနေရတာ အဓိပ္ပါယ်တစ်ခုတော့ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အမှတ်ပေးဇယားရဲ့အခြားနေရာတွေထက် လက်ရှိအခိုက်အတန့်မှာ ကျွန်တော်တို့ရောက်ရှိနေတဲ့နေရာက အမြဲတမ်းလိုလိုအကြိုက်တွေ့စေမယ့် အရာတစ်ခု ဖြစ်နေလို့ပါပဲ။ ဒါပေမယ့် လိဂ်ပြိုင်ပွဲတစ်ခုမှာဗိုလ်စွဲဖို့က ဘယ်လောက်အထိခက်ခဲသလဲဆိုတာကို ကျွန်တော်သိသလို ခင်ဗျားတို့လည်း သိထားကြပါတယ်။ သုံးရက်တစ်ပွဲနှုန်းကစားရသလို ကစားရတဲ့ပွဲစဉ်တိုင်းရဲ့မိနစ်တိုင်းမှာလည်း အမြင့်ဆုံးပုံစံမှာရှိနေဖို့ လိုအပ်ပါတယ်။

သုံးရက်(သို့မဟုတ်)လေးရက်အတွင်း အချိန်တိုင်းပုံစံကောင်းပြသနေဖို့ဆိုတာ သိပ်မလွယ်ကူလို့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ဆိုတာ အရမ်းခက်ခဲတာပါ။ ခင်ဗျားတို့လည်း ပြီးခဲ့တဲ့သီတင်းပတ်မှာ မြင်တွေ့ခဲ့ရပါလိမ့်မယ်။ အခိုက်အတန့်တစ်ခုတည်းမှာပဲ အနီကတ်ပြစ်ဒဏ်တစ်ခု ရရှိသွားနိုင်ပါတယ်။ ဒါတွေက ဘောလုံးရာသီတစ်ခုလုံး ဖြစ်ကောင်းဖြစ်လာနိုင်ပါသေးတယ်။ နယူးကာဆယ်နဲ့ပွဲစဉ်မှာဆိုရင်လည်း ကျွန်တော်တို့တွေ ၃-၂ ဂိုးနဲ့ဦးဆောင်ပြီး အနိုင်ရရှိဖို့မျှော်လင့်ခဲ့ပေမယ့် နှစ်မှတ်ပြန်လျော့ကျသွားခဲ့ပါတယ်။ ဒါက ပရီးမီးယားလိဂ်ပြိုင်ပွဲပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီသီတင်းပတ်တနင်္ဂနွေနေ့ပွဲစဉ်မှာ ချဲလ်ဆီးကို အမှတ်တွေ လျော့ကျသွားမယ်လို့ မမျှော်လင့်ခဲ့ပါဘူး။

ဒါကြောင့် ပွဲစဉ်တိုင်းမှာ အခုလိုအခြေအနေမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုအချက်အလက်တွေကပဲ အခုလိဂ်ပြိုင်ပွဲကို စပါယ်ရှယ်ဖြစ်အောင် လုပ်ပေးနေတာပါ။ ဒါတွေကြောင့်ပဲ ပရိသတ်တွေရဲ့အာရုံစိုက်မှုကို ရရှိသလို ကျွန်တော်တို့ကိုယ်တိုင်လည်း ခရစ္စမတ်ကာလမှာ ပွဲစဉ်တွေ ကစားနေရတာပါ”လို့ ပြောပါတယ်။

လီဗာပူးအသင်းက လက်စတာ၊ ဝက်စ်ဟမ်းတို့နဲ့ရင်ဆိုင်ကစားပြီး ၂၀၂၄ ခုနှစ်ကို နှုတ်ဆက်သွားရပါလိမ့်မယ်။ သူတို့တွေက အသင်းရဲ့ဒုတိယမြောက်ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ရေးကြိုးပမ်းနေချိန် အမှတ်ပေးဇယားဦးဆောင်ထားမှုကို ထပ်မံတိုးမြှင့်သွားနိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။