
ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်မှာ ဒဏ်ရာမှ ပြန်လည်သက်သာလာတဲ့ကစားသမား ၃ ဦးကိုထည့်သွင်းလာမယ့် တန်ဟက်
မန်ချက်စတာယူနိုက်တက် နည်းပြအဲရစ်တန်ဟက်က မနက်ဖြန်မှာ ယှဉ်ပြိုင်မယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်မှာ ဒဏ်ရာမှပြန်လည် သက်သာလာတဲ့ ရီဂူလွန်၊အဲရစ်ဆင်နဲ့ တိုမီနေးတို့ကို ယူနိုက်တက်ရဲ့လူစာရင်းမှာ ထည့်သွင်းလာတော့မှာဖြစ်ပါတယ်။
ဘန်လေနဲ့ပွဲစဉ်မှာ ပါဝင်ခဲ့တဲ့ အဆိုပါကစားသမား ၃ ဦးစလုံးဟာ ဖျားနာမှုတွေကြောင့် ပြီးခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်ကိုတော့ လွဲချော်ခဲ့ကြပါတယ်။ နောက်ခံလူ ရီဂူလွန်ဟာ ဘန်လေနဲ့ပွဲအပြီးမှာ အပြင်းအထန်ဖျားနာခဲ့ပြီး အခြားကစားသမားတွေကို ကူးစက်နိုင်တာကြောင့် ယူနိုက်တက်က ၎င်းကို အသင်းရဲ့လေ့ကျင့်ရေးကွင်းဖြစ်တဲ့ ကာရင်တန်သို့မလာစေဘဲ နေအိမ်မှာပဲနေရန် အမိန့်ပေးခဲ့ပါတယ်။
စပိန်သားဟာ ဘန်လေနဲ့ ပွဲစဉ်မတိုင်မီကတည်းက အနည်းငယ်ဖျားနာနေခဲ့သော်လည်း ကစားခွင့်ရရှိရန် တောင်းဆိုခဲ့တာကြောင့် ၇၉ မိနစ်အထိကစားခွင့်ရရှိခဲ့ပြီးနောက် ဗာရာနီနဲ့ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း ရီဂူလွန်ဟာ အဆိုပါ ၀-၁ နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်အတွက် Clean Sheet ရရှိရေးမှာ ကူညီနိုင်ခဲ့ပါတယ်။
အဲရစ်ဆင်နဲ့ တိုမီနေးတို့က ခရစ္စတယ်ပဲလေ့စ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလား ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မျှော်လင့်ခဲ့ကြသော်လည်း တနင်္လာနေ့ကပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ အနည်းငယ် ဖျားနာခဲ့တာကြောင့် လွဲချော်ခဲ့ရပါတယ်။ ကာရာဘောင်ဖလားပွဲစဉ်နဲ့ ယခုကစားရမယ့်ပရီးမီးယားလိဂ်ပွဲစဉ်တို့က ၄ ရက်မျှကွာဟနေတာကြောင့် ကစားသမား ၃ ဦးစလုံးဟာကြားထဲမှာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝနိုင်ဖို့ ကြိုးစားနိုင်ခဲ့ကြတယ်လို့ ယူဆရပါတယ်။
ယူနိုက်တက်ရဲ့ ဘယ်နောက်ခံနေရာမှာ ကြီးကြီးမားမားလိုအပ်ချက်ကြောင့် ရီဂူလွန်ဟာ တော့တင်ဟမ်မှ ယူနိုက်တက်သို့အငှားနဲ့ ရောက်ရှိလာပြီးကတည်းက ၃ ပွဲအထိ ပါဝင်ကစားထားခဲ့ရပြီဖြစ်ပါတယ်။ လုခ်ရှော၊ မာလာစီယာနဲ့ ညာနောက်ခံကစားသမား ဝမ်ဘစ်ဆာကာတို့က ဒဏ်ရာပြဿနာတွေအသီးသီးကြုံတွေ့နေရတာကြောင့် ရီဂူလွန်အနေနဲ့ ယခုရာသီမှာ ယူနိုက်တက်အတွက် အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။
၂၀၂၀ မှာ ရီးရဲလ်မက်ဒရစ်မှ တော့တင်ဟမ်သို့ပြောင်းရွှေ့လာခဲ့တဲ့ အသက်-၂၆ နှစ်အရွယ် စပိန်သားဟာ ၂၀၂၁-၂၂ ရာသီမှာကတည်းက တော့တင်ဟမ်အတွက် ကစားခွင့်မရရှိခဲ့ဘဲ ပြီးခဲ့တဲ့ရာသီမှာလည်း အက်သလက်တီကိုမက်ဒရစ်သို့ အငှားနဲ့သွားရောက်ကစားခဲ့ရတာဖြစ်ပါတယ်။ ဗဟိုနောက်ခံလူတစ်ဦးဖြစ်တဲ့ လီဆန်ဒရိုမာတီနက်ဇ်ကလည်း ယခုပွဲစဉ်မှာပြန်လည်ပါဝင်နိုင်ဖို့ အလားအလာရှိနေပြီး လူငယ်ကွင်းလယ်ကစားသမား မိုင်နိုးကတော့ အောက်တိုဘာ နိုင်ငံတကာပွဲစဉ်များအပြီးမှသာ ပြန်လည်ကစားနိုင်ချေရှိပါတယ်။
ဒါ့အပြင် ဗာရာနီပြန်လည်ပါဝင်လာနိုင်ခြင်းက ယူနိုက်တက်အတွက် အားတက်စရာဖြစ်နေပြီး မက်ဂွါရီကလည်း ပြီးခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ ပွဲချိန်ပြည့် ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုနှစ် ပရီးမီးယားလိဂ်ရာသီမှာ ယူနိုက်တက်ဟာ ၃ ပွဲနိုင် ၃ ပွဲရှုံး ရမှတ် ၉ မှတ်နဲ့ အမှတ်ပေးဇယားရဲ့အဆင့် ၉ နေရာမှာရပ်တည်နေပြီး ထိပ်ဆုံးက မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးနဲ့ ၉ မှတ်အထိကွာဟနေပါတယ်။