အဲဗာတန်ရဲ့ဂိုးပေါက်ကန်သွင်းချက် ၂၃ ကြိမ်ကို ခွင့်ပြုခဲ့ရသော်လည်း ယူနိုက်တက်ဟာ ဂိုးရနိုင်ချေနှုန်း ပိုမိုမြင့်မားတယ်လို့ ပြောကြားလာတဲ့ တန်ဟက်
မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ယမန်နေ့ညက အဲဗာတန်ကို ၂-၀ နဲ့အနိုင်ရခဲ့ပွစဉ်မှာ အဲဗာတန်ရဲ့ ဂိုးပေါက်ကန်သွင်းချက်ကို ၂၃ ကြိမ်အထိခွင့်ပြုခဲ့ပေမယ့် ယခုအခါမှာတော့ သူ့ရဲ့အသင်းဟာ ဂိုးရနိုင်ချေနှုန်းမှာ ပိုမိုမြင့်မားတယ်လို့ ပြောကြားလာခဲ့ပါတယ်။
အိုးလ်ထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ယူနိုက်တက်ဟာ ပထမပိုင်းအတွင်း အလီဂျန်ဒရိုဂါနာချိုရဲ့အားထုတ်မှုနဲ့အတူ ပင်နယ်တီ ၂ ကြိမ်ကန်ခွင့်ရခဲ့ပြီး အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့ မားကက်ရက်ရှ်ဖို့ဒ်တို့က အမှားအယွင်းမရှိ တစ်ဂိုးစီကန်သွင်းခဲ့ကြတာဖြစ်ပါတယ်။
ယခုပွဲမှာရရှိခဲ့တဲ့ အနိုင် ၃ မှတ်ကြောင့် တန်ဟက်ရဲ့အသင်းဟာ အဆင့် ၅ နေရာ တော့တင်ဟမ်နဲ့ ရမှတ် ၃ မှတ်သာကွာဟတော့တာဖြစ်ပါတယ်။ သို့သော်လည်း ယူနိုက်တက်ဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းချက် ၁၅ ကြိမ်သာရှိခဲ့ပြီး အဲဗာတန်ကတော့ ၂၃ ကြိမ်အထိ ကန်ခွင့်ရခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ယူနိုက်တက်ဟာ ၆ ပွဲအတွင်းမှာ ဂိုးပေါက်ကန်သွင်းချက် ၁၃၄ ကြိမ်အထိခွင့်ပြုထားရပြီး အသင်းရဲ့ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ ဝိန်းရွန်းနီနဲ့ ရီယိုဖာဒီနန်တို့က တန်ဟက်ရဲ့အသင်းဟာ စွမ်းဆောင်ရည်တစ်သမတ်တည်းရှိတဲ့ ကွင်းလယ်ပိုင်းကိုတည်ဆောက်သင့်တယ်လို့ အကြံပြုထားတာဖြစ်ပါတယ်။
သို့သော်လည်း တန်ဟက်ကတော့ ဒီလိုကန်ချက်တွေကို စိုးရိမ်မှုမရှိကြောင်းနဲ့ ယခုပွဲစဉ်မှာ ဂိုးတွေပိုရသင့်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ ပွဲအပြီးမှာ ပြိုင်ဘက်ကို ဂိုးပေါက်ကန်သွင်းချက်အကြိမ် ၂၀ ကျော်အထိ ခွင့်ပြုခဲ့ရတာနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ရာ တန်ဟက်က “ဟုတ်ပါတယ်။ ကျွန်တော်တို့ အခြားပွဲတွေမှာလည်း ဒီလိုပါပဲ။ ဒါပေမယ့် သူတို့ရဲ့ဂိုးရနိုင်ချေနှုန်းကတော့ ကျွန်တော်တို့လောက်မမြင့်ပါဘူး။ ပြီးတော့ကျွန်တော်တို့ နောက်တန်းကစားသမားတွေက ခံစစ်ကစားရတာကို သက်တောင့်သက်သာပါပဲ။ ကျွန်တော်တို့ စည်းကမ်းတကျကစားပြီး ထိန်းချုပ်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ယူနိုက်တက်ရဲ့ဂိုးရနိုင်ချေနှုန်းဟာ အဲဗာတန်ဟတ်သာလွန်ခဲ့ပေမယ့် ပင်နယ်တီ ၂ လုံးကိုပါ ထည့်သွင်းတွက်ချက်ထားတာကြောင့် ပင်နယ်တီတွေသာမပါရင်တော့ အဲဗာတန်က ပိုမိုသာလွန်နေမှာဖြစ်ပါတယ်။
ဆက်လက်ပြီး အဲဗာတန်ရဲ့ ကန်ချက်တွေကြောင့် ယူနိုက်တက်အနေနဲ့ ရှုံးနိမ့်သွားနိုင်သလားလို့မေးမြန်းခဲ့ရာ တန်ဟက် “သူတို့ရခဲ့တဲ့ အခွင့်အရေးတွေက အရည်အသွေးနိမ့်ပါတယ်။ သူတို့မှာ အခွင့်အရေးကောင်းအချို့တော့ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ခံစစ်ကစားပုံကလည်း တကယ်ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ စည်းစည်းလုံးလုံးရှိခဲ့ပြီး တစ်သင်းလုံးတာဝန်ကျေခဲ့ပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။