The network connection is lost.

Banner Image

ယူနိုက်တက် ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်သေးတယ်လို့ အခိုင်အမာပြောကြားလာခဲ့တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က သူ့ရဲ့အသင်းဟာ ယမန်နေ့ညက မန်ချက်စတာစီးတီးကို ၃-၁ နဲ့ ဂိုးပြတ် ရှုံးနိမ့်ပြီး အမှတ်ပေးဇယားအဆင့် ၄ နေရာက အက်စတွန်ဗီလာနဲ့ ၁၁ မှတ်အထိကွာဟသွားသော်လည်း ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်သေးတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
 
တန်ဟက်က “ကျွန်တော်တို့ရဲ့ ရလဒ်တွေကို မြန်မြန်ဆန်ဆန်ပြန်လည် ပြောင်းလဲနိုင်ပါတယ်။ ကျွန်တော်တို့ နောက်ထပ်တစ်ပွဲကို အာရုံစိုက်သွားပါမယ်။ ပြီးတော့ ရည်မှန်းချက်နဲ့နီးကပ်အောင်လုပ်ပါမယ်။ လာမယ့်ပွဲတိုင်းမှာ အနိုင်ယူဖို့လိုအပ်နေပါပြီ” “အဆင့် ၅ နေရာကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ဖြစ်နိုင်ချေရှိတဲ့ နေရာတစ်ခုပါပဲ။ ဒါကြောင့် ကျွန်တော်တို့ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားရပါမယ်။ ဒီနှစ်က ကျွန်တော်တို့ အမှန်တကယ်တိုးတက်လာရမယ့် နှစ်ဖြစ်လို့ အမှတ်တချို့ ယူနိုင်ဖို့လိုပါသေးတယ်။ ကျွန်တော်တို့ အားလုံးကို အနိုင်ယူနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
 
ဆက်လက်ပြီး နယ်သာလန်သားက အသင်းအတွက် ဦးဆောင်ဂိုးသွင်းခဲ့တဲ့ မားကက်ရက်ရှ်ဖို့ဒ်နဲ့ နောက်ခံလူ ဂျွန်နီအီဗန်စ်တို့ကို ကြံ့ခိုင်မှုပြဿနာကြောင့် ၁-၁ ဆိုတဲ့ သရေရလဒ်အတွင်းမှာပဲ လူစားလဲခဲ့တာဖြစ်တယ်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်နဲ့ အီဗန်စ်တို့ဟာ မန်ချက်စတာဒါဘီပွဲစဉ်အတွက် ကြံ့ခိုင်မှု အပြည့်ဝဆုံးမဟုတ်တဲ့အခြေအနေမှာ ပါဝင်ကစားပေးခဲ့ကြတာဖြစ်ပြီး ယခုအခါမှာတော့ လာမယ့် ပွဲစဉ်အတွက် ကြံ့ခိုင်မှုပြန်လည်တည်ဆောက်ကြတော့မှာဖြစ်ပါတယ်။
 
ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ ဘောလုံးပိုင်ဆိုင်မှု ၂၆ ရာခိုင်နှုန်းသာရရှိခဲ့သော်လည်း ပွဲအပြီးမှာတော့ တန်ဟက်က သူ့ရဲ့နည်းဗျူဟာနဲ့ပတ်သက်ပြီး ကာကွယ်ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။
 
တန်ဟက်က “ခံစစ်ဆော့နေရင်းနဲ့ ပြန်တိုက်ဖို့အတွက် အခွင့်အရေးရှာလို့ရပါတယ်။ ကျွန်တော်တို့အခွင့်အရေးတွေလည်း ရခဲ့ပြီး ခံစစ်မှာလည်း ကောင်းကောင်းကာကွယ်နိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ အနိုင်ရဖို့နီးစပ်ခဲ့သလို အနည်းဆုံးတော့ သရေ ရလဒ်ရခဲ့သင့်ပါတယ်။ ဒါပေမယ့် တိကျတဲ့ အခိုက်အတန့်တွေတော့ ကျွန်တော်တို့မှာမရှိခဲ့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
 
ဆက်လက်ပြီး တန်ဟက်က ယခုပွဲစဉ်မှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် ၂ ခုကို မှားယွင်းခဲ့တယ်ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်လာခဲ့ပါတယ်။ ပထမတစ်ခုမှာ မန်စီးတီးဂိုးသမား အီဒါဆင်နဲ့ ဂါနာချိုတို့ ထိခိုက်မိခဲ့တာဖြစ်ပြီး ဒုတိယတစ်ခုကတော့ ကိုင်လ်ဝေါ်လ်ကာက ရက်ရှ်ဖို့ဒ်အပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့တာဖြစ်ပါတယ်။
 
နယ်သာလန်သားက “အီဒါဆင်က ဂါနာချိုကို ထိမိခဲ့ပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်က မမြင်ခဲ့ပါဘူး။ ဒါကြောင့် ဘောလုံးထိန်းသိမ်းဖို့ခက်ခဲခဲ့ပြီး ကျွန်တော်တို့ အခွင့်အရေးနဲ့လွဲခဲ့တာပါ။ အသင်းရဲ့စည်းလုံးမှုနဲ့စွမ်းဆောင်က ကောင်းမွန်ခဲ့ပါတယ်။ နောက်ပွဲတွေမှာ ပြင်ဆင်ရမယ့် လိုအပ်ချက်တွေလည်းရှိပါသေးတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။