The network connection is lost.

Banner Image

ယူနိုက်တက်ဟာ မန်စီးတီးကို ကြောက်ရွံ့ခြင်းမရှိဘူးလို့ အခိုင်အမာပြောကြားလာတဲ့ တန်ဟက်

ယခုသီတင်းပတ်အကုန်မှာ မန်ချက်စတာယူနိုက်တက်ဟာ မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် မြို့ခံပြိုင်ဘက် မန်စီးတီးကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်သော်လည်း မန်နေဂျာ အဲရစ်တန်ဟက်ကတော့ သူ့ရဲ့အသင်းဟာ မန်စီးတီးကို ကြောက်ရွံမှုမရှိဘူးလို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

 

ပြီးခဲ့တဲ့ နိုဝင်ဘာလက ယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်မှာ ၀-၃ နဲ့ဂိုးပြတ်အနိုင်ယူခဲ့တဲ့ မန်စီးတီးဟာ ယခုအချိန်မှာလည်း အကောင်းဆုံးပုံစံတွေဆက်တိုက်ပြသနေပြီး ဒီဇင်ဘာလ အလယ်ကတည်းကအခုချိန်အထိ ကစားထားတဲ့ ၁၅ ပွဲမှာ ၁၄ ပွဲအထိအနိုင်ရရှိထားတာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့လည်း မကြာသေးမီက ကောင်းမွန်တဲ့ ရလဒ်တစ်ချို့ပိုင်ဆိုင်ထားပေမယ့် ပုံစံကောင်းရဖို့တော့ရုန်းကန်နေရဆဲဖြစ်ပါတယ်။ 

 

သို့သော်လည်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ ယူနိုက်တက်နည်းပြ တန်ဟက်က မန်စီးတီးကို ကြောက်စရာဘာအကြောင်းမှမရှိဘူးလို့ အခိုင်အမာပြောကြားလာခဲ့တာဖြစ်ပါတယ်။ တန်ဟက်က “သူတို့အသင်းက ကောင်းပေမယ့် သူတို့ထက်ပိုကောင်းတဲ့အသင်းတွေလည်းရှိနေပါသေးတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီက သူတို့ဆုဖလားအားလုံးကို သိမ်းပိုက်နိုင်ခဲ့လို့ စိန်ခေါ်မှုများတဲ့အသင်းတစ်သင်းပါ။ လီဗာပူးကလည်း လက်ရှိမှာသူတို့လို အရမ်းကောင်းတဲ့အသင်းဖြစ်ပြီး အခြားအသင်းကောင်းတွေလည်းရှိပါသေးတယ်။ ကျွန်တော်တို့က စိန်ခေါ်မှုကို လိုလားပြီး သူတို့ကို စိန်ခေါ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

 

ဆက်လက်ပြီး နယ်သာလန်သားက “ကျွန်တော်တို့က ပွဲစဉ်တိုင်းကို အနိုင်ရချင်ပါတယ်။ ဒါက အသင်းရဲ့အမြဲတမ်းရည်မှန်းချက်ဖြစ်ပြီး ပွဲစဉ်တိုင်းကိုလည်း အနိုင်ယူလိုစိတ်နဲ့ချဉ်းကပ်ပါတယ်။ ပြိုင်ဘက်က ဘယ်သူဖြစ်တယ်ဆိုတာ အရေးမကြီးပါဘူး။ ကျွန်တော်ပြောသလိုပဲ အသင်းဟာ အကောင်းဆုံးပုံစံနဲ့ယှဉ်ပြိုင်ဖို့အသင့်ရှိနေတာပါ”

 

“အချိန်အများစုမှာ ကျွန်တော်တို့ တိုက်ခိုက်ခံနေရပေမယ့် ဒီလိုတိုက်ခိုက်မှုတွေကနေ မန်ချက်စတာယူနိုက်တက်ဟာ ရုန်းထွက်ပြီး ရလဒ်ကောင်းကို ပြန်ပေးထားနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လိုချင်တဲ့ရလဒ်ကို ပုံဖော်နိုင်ဖို့ဆိုရင်တော့ အသင်းလိုက်စွမ်းရည်ကိုပြသနိုင်ရမယ်ဆိုတာ သိထားရပါမယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။