The network connection is lost.

Banner Image

မာရာဒိုနာရဲ့ကျောနံပါတ်ကို ဆက်ခံရပြီးနောက် အနည်းငယ်အံ့အားသင့်မိခဲ့တယ်လို့ ထုတ်ပြောလာတဲ့ ဒီဘရိုင်း

ဒီယေဂိုမာရာဒိုနာကို ဂုဏ်ပြုမှုအဖြစ် အနားပေးထားတဲ့ ကျောနံပါတ်-၁၀နဲ့အတူ အသင်းသစ်နာပိုလီမှာ လေ့ကျင့်ခွင့်ရရှိခြင်းက ဂုဏ်ယူစရာကိစ္စပါလို့ ဒီဘရိုင်းက ပြောကြားလိုက်ပါတယ်။

ဒီဘရိုင်းက သူ့ရဲ့မီဒီယာမိတ်ဆက်မှုအခမ်းအနားအတွင်း အခုလိုမျိုးပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ သူက မန်စီးတီးနဲ့အတူ ဆယ်စုနှစ်တစ်ခုကြာ တောက်ပခဲ့ပြီးနောက် ပြီးခဲ့တဲ့လအတွင်း အလွတ်ပြောင်းကြေးဖြင့် နာပိုလီဆီ ရောက်ရှိလာခဲ့ပါတယ်။ တဖက်မှာလည်း နေပယ်လ်မြို့ခံကလပ်အသင်းက ဒီဘရိုင်းအတွက် ကြိုဆိုဂုဏ်ပြုမှုအဖြစ် မာရာဒိုနာကို ဂုဏ်ပြုထားတဲ့ ကျောနံပါတ်နဲ့အတူ လေ့ကျင့်ရေးဆင်းနိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။ အခုလိုစီစဉ်ပေးမှုအပေါ် အံ့အားသင့်မိတယ်လို့ ဒီဘရိုင်းက ဝန်ခံခဲ့သလို ဂုဏ်ယူစရာဖြစ်ရပ်လို့လည်း ရည်ညွှန်းသွားပါတယ်။

ဘယ်လ်ဂျီယံကွင်းလယ်ဖန်တီးရှင်က အခုလိုခွင့်ပြုပေးမှုအပေါ် သူ့အတွက် ဖိအားတွေများစေလိမ့်မယ်ဆိုတဲ့ ပြောဆိုမှုတွေကို ပယ်ချသွားခဲ့ပြီး အီတလီလက်ရှိချန်ပီယံတွေလို ထိပ်တန်းကလပ်အသင်းတစ်ခုကို ကိုယ်စားပြုနေရခြင်းကြောင့် ဖိအားတွေ လုံလုံလောက်လောက်ရှိနေပြီလို့ ရှင်းပြခဲ့ပါတယ်။

ဒီဘရိုင်းက “ အစပိုင်းမှာဆိုရင် ကျွန်တော် နည်းနည်းလေးအံ့အားသင့်မိသွားတယ်လို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကျောနံပါတ်က အနားပေးထားပြီးပြီဆိုတာ သိရှိထားခဲ့လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အခြားတဖက်မှကြည့်မယ်ဆိုရင်လည်း ဒါက ဂုဏ်ပြုပေးမှုတစ်ခု ဖြစ်ပါတယ်။ ဒီလိုတာဝန်မျိုးကို ထမ်းဆောင်ရမယ်ဆိုတာကလည်း ဂုဏ်ယူစရာပါပဲ။ ဖိအားတွေ ထပ်တိုးလာမယ်လို့တော့ မထင်ပါဘူး။ ဖိအားဆိုတာ သူ့အလိုလိုရောက်ရှိလာတယ်လို့ပဲ ထင်ပါတယ်။ နာပိုလီလိုကလပ်အသင်းကြီးတစ်ခုအတွက် ကစားပေးမယ်ဆိုရင် ဖိအားဆိုတာမျိုးတွေ ရှိနေပါလိမ့်မယ်။ ဒီအသင်းက အနိုင်ယူချင်စိတ်ပြင်းပြတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အသင်းလိုက်ရော၊ တစ်ဦးချင်းအနေနဲ့ပါ ဘာတွေလုပ်သွားရမလဲဆိုတာ သိထားရပါမယ်။

ဒါပေမဲ့ ကျောနံပါတ်တစ်ခု (သို့မဟုတ်) အခြားအရာတစ်ခုခုကြောင့် ဖိအားတွေ များပြားလာစေလိမ့်မယ်လို့ မထင်ပါဘူး။ မာရာဒိုနာဆိုတာ ဘောလုံးလောကရဲ့ဂန္တဝင်တစ်ဦးဖြစ်သလို နာပိုလီအတွက်ဆိုရင်လည်း ထပ်တူထပ်မျှပါပဲ။ ဘာပဲဖြစ်ဖြစ် အခုလိုမျိုးခွင့်ပြုပေးလို့ ကျေးဇူးတင်မိသလို ဂုဏ်လည်းယူမိပါတယ်။ ဒါပေမဲ့ ကျွန်တော်က ကိုယ်ပိုင်ဟန်ရှိတဲ့ဘောလုံးသမားတစ်ဦးပါ။ လုပ်နိုင်သမျှ အကောင်းဆုံးလုပ်သွားပြီး ကောင်းမွန်တဲ့စွမ်းဆောင်ရည်အချို့နဲ့အတူ အသင်းဆီ၊ နေပယ်လ်မြို့နဲ့ ပရိသတ်တွေဆီ ပျော်ရွှင်မှုတွေ သယ်ဆောင်လာနိုင်ဖို့ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။

နာပိုလီအတွက်တော့ မာရာဒိုနာရဲ့အရေးပါမှုနဲ့ သြဇာလွှမ်းမိုးမှုကို ဘယ်သူမှ မကျော်ဖြတ်နိုင်သေးပါဘူး။ နေပယ်လ်မြို့အခြေစိုက်ဘောလုံးအသင်းက အသင်းမှာ ခုနစ်နှစ်တာကျော်ဖြတ်ခဲ့တဲ့ ဂန္တဝင်ကြီးကို ဂုဏ်ယူမှုအဖြစ် ကျောနံပါတ်-၁၀ ဂျာစီကို အနားပေးခဲ့ပါတယ်။ မာရာဒိုနာက ၁၉၈၄ ခုနှစ်မှ ၁၉၉၁ ခုနှစ်အတွင်း နာပိုလီအတွက် စီးရီးအေချန်ပီယံဆုနှစ်ကြိမ်နဲ့ ယူအီးအက်ဖ်အေဖလားတစ်ကြိမ်ရရှိအောင် ကူညီပေးခဲ့ပါတယ်။

အသက်-၃၄ နှစ်အရွယ်မန်စီးတီးကြယ်ပွင့်ဟောင်းကတော့ သူ့ရဲ့အသင်းဖော်သစ်တွေကို လာမယ့်ရာသီမှာလည်း ချန်ပီယံဆုကာကွယ်နိုင်ရေးကြိုးပမ်းကြဖို့ တွန်းအားပေးသွားနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ မန်စီးတီးမှထွက်ခွာလာပြီးနောက် ခရီးစဉ်သစ်စတင်တော့မယ့် ဒီဘရိုင်းက ကျောနံပါတ်-၁၁ ဂျာစီကို ဝတ်ဆင်သွားပါလိမ့်မယ်။