မန်ချက်စတာယူနိုက်တက်နည်းအဲရစ်တန်ဟက်က အိုးလ်ထရက်ဖို့ဒ်မှာ သူ့ရဲ့အသင်းကို အနိုင်ရရှိပြီးနောက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဟန်ဆောင်လှဲချခဲ့တဲ့ ဗီဒီယိုဖိုင်ကို တစ်တော့မှာတင်ခဲ့တဲ့ ဖူလ်ဟမ်အသင်းရဲ့ လှောင်ပြောင်တဲ့လုပ်ရပ်ကို မကျေမနပ်ဖြစ်နေပြီး ပြန်လည်တောင်းပန်ဖို့အတွက် ပြောကြားလာခဲ့ပါတယ်။
ဗီဒီယိုထဲမှာ ဖာနန်ဒက်စ်ဟာ ဖူလ်ဟမ်အသင်းရဲ့ဂိုးပေါက်နဲ့ ၂၅ ကိုက်အကွာမှာ ကွင်းလယ်လူ ဆာဆာလူကစ်နဲ့ ထိခိုက်မိခဲ့ပြီး ဟန်ဆောင်လှဲချနဲ့ပုံစံမျိုးဖြစ်နေခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီသားဟာ လှဲချရာမှ ထလာပြီးနောက် ကွင်းလယ်ဒိုင်ကို ဖရီးကစ်သတ်မှတ်ပေးဖို့ အတွက် လက်ဟန်ခြေဟန်နဲ့တောင်းဆိုမှုပြုလုပ်ခဲ့ပေမယ် ဒိုင်က ငြင်းပယ်ခဲ့ပြီး ပွဲကိုဆက်လက်ကစားစေခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဗီဒီယိုဖိုင်ကို ဖူလ်ဟမ်အသင်းက တရားဝင်တစ်တော့အကောင့်ကနေတစ်ဆင့် လှောင်ပြောင်ပြီး တင်ခဲ့တာကြောင့် ယူနိုက်တက်ဘက်က မကျေမနပ်ဖြစ်နေပါတယ်။
ယခုအခါမှာ တန်ဟက်ကလည်း "ကျွန်တော် ဒီအဖြစ်ကို မသိခဲ့ပါဘူး။ ဒါပေမယ့် သူတို့ဒီလို ဗီဒီယိုတင်ခဲ့တယ်ဆိုရင် ဒါက မမှန်ကန်ဘူးလို့ထင်ပါတယ်။ ဒါက အသင်းရဲ့ခွင့်ပြုချက်မပါတဲ့အပြင် မမှန်ကန်တဲ့လုပ်ရပ်ဖြစ်တာကြောင့် သူတို့ ပြန်တောင်းပန်သင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တန်ဟက်က ဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်၊ ဦးဆောင်နိုင်စွမ်းနဲ့ အသင်းအတွက်ပေးဆပ်မှုတွေအတွက် ချီးကျူးစကားဆိုခဲ့ပါတယ်။
နယ်သာလန်သားက "သူ့ရဲ့ဘောလုံးစွမ်းရည်တွေထဲက ပထမတစ်ချက်က အခွင့်အရေး ဖန်တီးနိုင်စွမ်းရှိတာပါပဲ။ သူကအသင်းအတွက် အရေးပါတဲ့ကစားသမားတစ်ယောက်ပါ။ သူက အခွင့်အရေးဖန်တီးနိုင်ရုံသာမက ဂိုးသွင်းနိုင်စွမ်း၊ ခုခံကာကွယ်မှုနဲ့ ဦးဆောင်နိုင်စွမ်းရှိတဲ့ကစားသမားပါ" လို့ပြောကြားခဲ့ပါတယ်။
နော်တင်ဟမ်ဖောရက်စ်ကို ၀-၁ နဲ့အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်အပြီးမှာလည်း တန်ဟက်က ဆိုရှယ်မီဒီယာကနေတစ်ဆင့် ဖာနန်ဒက်စ်အပေါ် ဝေဖန်မှုတွေကို ကာကွယ်ပြောဆိုခဲ့ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် မန်စီးတီးကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါပွဲစဉ်ကို အသင်းရဲ့ အဓိကတိုက်စစ်မှူး ဟွိုက်လန်းအပြင် အရေးပါတဲ့ကစားသမားတွေဖြစ်တဲ့ လုခ်ရှော၊ ဟယ်ရီမက်ဂွါရီနဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့ လွဲချော်သွားမှာဖြစ်ပါတယ်။