The network connection is lost.

Banner Image

ကမ္ဘာ့ဖလားပြိုင်ပွဲ တိုက်ရိုက်ဝင်ခွင့်နဲ့လွဲချော်ပြီးနောက် ဂျမေကာနည်းပြရာထူးမှ မက်ကလာရင်နုတ်ထွက်

ကမ္ဘာ့ဖလားပြိုင်ပွဲသို့ တိုက်ရိုက်ဝင်ခွင့်ရမယ့်အခွင့်အရေးနဲ့လွဲချော်ခဲ့ပြီးနောက် ဂျမေကာအသင်းကို ၁၈ လကြာကိုင်တွယ်ခဲ့တဲ့ စတိဗ်မက်ကလာရင်ဟာ ယခုအခါမှာတော့ နည်းပြရာထူးကနေ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာလာခဲ့ပါတယ်။ 

ဂျမေကာဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့် အုပ်စုနောက်ဆုံးပွဲစဉ်မှာ ကူရာကာအိုနဲ့တွေ့ဆုံခဲ့တာဖြစ်ပြီး နောက်တစ်ဆင့်သို့တက်ရောက်နိုင်ဖို့ မဖြစ်မနေအနိုင်ရဖို့လိုအပ်ခဲ့ပေမယ့် ၀-၀ နဲ့သရေရလဒ်သာ ထွက်ပေါ်ခဲ့တာကြောင့် အုပ်စုဒုတိယနေရာနဲ့ကျေနပ်ခဲ့ရပါတယ်။ 

မက်ကလာရင်အနေနဲ့ ယခုနှစ်ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုအတွင်း ဂျမေကာအတွက် ပွဲဦးထွက် ၂ ပွဲမှာ ဂိုးမပေးရဘဲ အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာကြောင့် ပြိုင်ပွဲအတွင်း အကောင်းဆုံးစတင်နိုင်ခဲ့ပါတယ်။ သို့သော်လည်း ကူရာကာအို အဝေးကွင်းမှာရှုံးနိမ့်ခဲ့သလို၊ ထရီနီဒက်နဲ့ တိုဘာဂိုတို့ကို ထပ်မံသရေကျခဲ့ကာ ဘာမြူဒါကိုသာအနိုင်ရခဲ့တာကြောင့် နောက်ဆုံးမှာ‌တော့ အုပ်စုထိပ်ဆုံးနေရာကနေဖယ်ပေးခဲ့ရတာဖြစ်ပါတယ်။

အဆိုအုပ်စုအတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ကူရာကာအိုက တိုက်ရိုက်ဝင်ခွင့်ရရှိခဲ့တာဖြစ်ပြီး ကူရာကာအိုဟာ လူဦးရေ ၁ သိန်းခွဲကျော်သာရှိတဲ့ ကာရေဘီယံကျွန်းနိုင်ငံငယ်လေးဖြစ်တာကြောင့် ကမ္ဘာ့ဖလားဝင်ခွင့်ရ အသေးငယ်ဆုံးနိုင်ငံအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ 

ယခုအခါမှာ မက်ကလာရင်က "လွန်းခဲ့တဲ့ ၁၈ လကတည်းက ဒီရာထူးနဲ့ထိုက်တန်ဖို့ ကျွန်တော်အတတ်နိုင်ဆုံးကြိုးစားခဲ့ပါတယ်။ ဒီအသင်းကိုဦးဆောင်ရတာ ကျွန်တော့်ဘဝရဲ့ ဂုဏ်ယူစရာတွေထဲကတစ်ခုပါ။ ဒါပေမယ့် ဘောလုံးဆိုတာ ရလဒ်တွေအပေါ်မှီခိုနေတဲ့ အရာတစ်ခုပါ။ ဒီညမှာ ကျွန်တော်တို့ရဲ့ပန်းတိုင်ဖြစ်တဲ့ တိုက်ရိုက်ဝင်ခွင့်နဲ့လွဲချော်ခဲ့ပါတယ်"

"ဒီလိုကျရှုံးမှုအတွက် ရှေ့ထွက်ပြီးတာဝန်ယူရမှာက ခေါင်းဆောင်တစ်ယောက်ရဲ့တာဝန်ဖြစ်ပြီး ဒီတာဝန်က ကျွန်တော့်မှာပဲရှိပါတယ်။ နက်နက်နဲနဲဆင်ခြင်သုံးသပ်ပြီးနောက် အသင်းအနေနဲ့ဘယ်လိုအခြေအနေရှိတယ်၊ ဘာလုပ်ဖို့လိုအပ်တယ်ဆိုတာကိုသိလိုက်ရပြီး ကျွန်တော့်အနေနဲ့ ဂျမေကာနည်းပြရာထူးကနေနုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဂျမေကာအနေနဲ့ ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့အတွက် အခွင့်အရေးရှိနေသေးပေမယ့် မက္ကဆီကိုမှာကျင်းပသွားမယ့် နောက်ထပ်အုပ်စုအဆင့် ပွဲစဉ်တွေမှာအနိုင်ရဖို့လိုအပ်နေသလို၊ ထိုပြိုင်ပွဲရဲ့နောက်ဆုံးပွဲတွေမှာ ကွန်ဂို သို့မဟုတ် အီရတ်နဲ့ယှဉ်ပြိုင်သွားရဦးမှာဖြစ်လို့ အခွင့်အလမ်းနည်းပါးနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။