The network connection is lost.

Banner Image

ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့ အသေးငယ်ဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ကူရာကာအို

ကာရေဘီယံကျွန်းစုနိုင်ငံလေးဖြစ်တဲ့ ကူရာကာအိုဟာ အာဖရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် နောက်ဆုံးနေ့မှာ ဂျမေကာကို ၀-၀ နဲ့သရေကျအောင်ကစားပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့တာကြောင့် သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရ အသေးငယ်ဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်လာခဲ့ပါတယ်။

ကာရေဘီယံမှာတည်ရှိတဲ့ ကူရာကာအိုနိုင်ငံမှာ လူဦးရေ ၁ သိန်းခွဲကျော်သာနေထိုင်သလို၊ နိုင်ငံအကျယ်အဝန်းကလည်း ဧရိယာ ၄၄၄ စတုရန်းကီလိုမီတာသာရှိပါတယ်။ သို့သော်လည်း ကူရာကာအိုဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တစ်လျှောက် ရှုံးပွဲမရှိတဲ့ တစ်ခုတည်းသောအာဖရိကနိုင်ငံအဖြစ် ရမှတ် ၁၂ မှတ်နဲ့ အုပ်စုရဲ့ထိပ်ဆုံးနေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။ 

ယခင်က ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့ အသေးငယ်ဆုံးနိုင်ငံဟာ ၂၀၁၈ ခုနှစ်က ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ လူဦးရေ ၃ သိန်းခွဲကျော်ရှိ အိုက်စလန်နိုင်ငံဖြစ်ပြီး ယခုအခါမှာ ကူရာကာအိုက အဆိုပါစံချိန်ကို ရိုက်ချိုးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ကူရာကာအိုလက်ရွေးစင်အသင်းကို ပရီးမီးယားလိဂ်နည်းပြဟောင်း ဒစ်ခ်အဒ်ဗိုကတ်က ဦးဆောင်ကိုင်တွယ်နေတာဖြစ်ပြီး ခြေစစ်ပွဲစဉ်အတွင်း ဘာမြူဒါကို ၇-၀ နဲ့ဂိုးပြတ်အနိုင်ရစေခဲ့သလို ရှုံးပွဲမရှိအောင်လည်း စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ 

အက်ဒ်ဗိုကတ်ဟာ ယခင်က နယ်သာလန်လက်ရွေးစင်အသင်းကို ၃ ကြိမ်တိုင်တိုင်ကိုင်တွယ်ခဲ့ဖူးသလို၊ ကူရာကာအိုနဲ့လက်မတွဲမီ တောင်ကိုရီးယား၊ ဘယ်လ်ဂျီယံနဲ့ ရုရှားအသင်းတွေကိုလည်း ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပါတယ်။ လာမယ့်ဒီဇင်ဘာလ ၅ ရက်နေ့မှာတော့ ကူရာကာအိုအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်အသင်းတွေနဲ့ ဆက်လက်ယှဉ်ပြိုင်သွားရမလဲဆိုတာ မဲခွဲပြီးဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ 

တစ်ချိန်တည်းမှာပဲ ကူရာကာအိုနဲ့အတူ အခြားအာဖရိကအသင်းတွေဖြစ်တဲ့ ပနားမားနဲ့ ဟေတီတို့ကလည်း ခြေစစ်ပွဲအောင်မြင်ခဲ့ကြပြီး ကမ္ဘာ့ဖလားတိုက်ရိုက်ဝင်ခွင့်ရရှိခဲ့ကြပါတယ်။ ပနားမားက အုပ်စုအတွင်း ရမှတ် ၁၂ မှတ်အထိစုဆောင်းပြီး ကမ္ဘာ့ဖလားဝင်ခွင့်ရခဲ့တာဖြစ်သလို၊ ဟေတီကလည်း ဟွန်ဒူးရပ်စ်နဲ့ ကော်စတာရီကာတို့ကိုကျော်ဖြတ်ပြီး အုပ်စုရဲ့ထိပ်ဆုံးနေရာကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။