The network connection is lost.
ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ အီတလီအသင်း အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တဲ့ အရာတွေနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲကာလအတွင်း အသင်းအတွက် လိုအပ်နေမယ့်အရာတွေကို နည်းပြ လူစီယာနိုစပယ်လက်တီက ဂရုတစိုက်စောင့်ကြည့်လေ့လာခဲ့ပါတယ်။
တူရကီနဲ့ ဂိုးမရှိ သရေကျပြီးနောက် နည်းပြစပယ်လက်တီက ၄-၂-၃-၁ ကစားပုံမှ ၃-၄-၂-၁ ကစားပုံကို ပြောင်းလဲသုံးစွဲခဲ့ရာ အလုပ်ဖြစ်ခဲ့ပြီး ဘယ်တောင်ပံမှ ချီယေဆာရဲ့ဖြတ်တင်ဘောကို တိုက်စစ်ပိုမိုလိုက်ပါကစားခွင့်ရရှိထားတဲ့ ဖာရာတီစီက လှပတဲ့ မြေမကျကန်ချက်နဲ့အတူ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။ အလားတူ တိုက်စစ်မြှားဦးမှာ ကစားတဲ့ ဆကာမက်ကာကလည်း ပြိုင်ဘက်ဂိုးပေါက်ဆီ ခြိမ်းခြောက်မှုအချို့ ပြုလုပ်ခဲ့ပါတယ်။ ဒါက ကွင်းလယ်အထိုင်မှာ ဂျော်ဂျင်ဟို၊ ဖာဂီအိုလီတို့ကို ပွဲထွက်ကစားစေတဲ့ ကွင်းလယ်ဖန်တီးရှင်နှစ်ဦးနဲ့အတူ ပွဲချဉ်းကပ်မှုပုံစံတစ်ခုလည်း ဖြစ်ပါတယ်။
Sky Sport Italia သတင်းဌာနနဲ့တွေ့ဆုံချိန် စပယ်လက်တီက “သူတို့တွေ အရမ်းကောင်းအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူတို့တွေက နေရာလွတ်ကျဉ်းကျဉ်းလေးမှာ ဘောလုံးကိုအရည်အသွေးအပြည့်နဲ့ သယ်ဆောင်သွားနိုင်စွမ်းရှိသလို ဒီလိုလုပ်နိုင်အောင်လည်း ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့က ပြိုင်ဘက်ကို ဒီထက်ပိုပြီးဖိအားပေးဖို့လုပ်ဆောင်သင့်ချိန်မှာ ၁၀ မီတာလောက် နောက်ဆုတ်ပြီး ခံစစ်ထိုင်လိုက်တာကြောင့် ပြိုင်ဘက်အတွက် ဘောလုံးပိုင်ဆိုင်ခွင့်တွေ ရှိလာသလို နေရာလွတ်တွေလည်း ရှိလာခဲ့ပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် တိုရီနိုကြယ်ပွင့်ဘူအွန်ဂျီအော်နိုက သုံးယောက်တန်းခံစစ်မှာ ကလာဖီအိုရီ၊ ဒါမီယန်တို့နဲ့အတူ အခုပွဲစဉ်အတွက် ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။
စပယ်လက်တီက “ဘူအွန်ဂျီအော်နိုလည်း အကောင်းဆုံးလုပ်ခဲ့ပါတယ်။ သူက ပြိုင်ဘက်တိုက်စစ်မှူးကို တံတောင်နဲ့ခပ်ပါးပါးလေးတွက်ပြီး အနှောင့်အယှက်ဖြစ်အောင် အမြဲတမ်းလုပ်ဆောင်ခဲ့ပါတယ်။ ဒီလို ရုပ်ပိုင်းဆိုင်ရာစိန်ခေါ်မှုတွေမှာ သူက အရမ်းကောင်းပါတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တက်ဖို့တော့ လိုတာပေါ့။ ဘာကြောင့်လဲဆိုတော့ ပြိုင်ဘက်က ကျွန်တော်တို့ကို ဖိအားပေးလာချိန် သူက အလွန်ရိုးရှင်းတဲ့ ဘေးတိုက်ဘောလုံးပေးပို့မှုတွေကိုပဲ လုပ်ဆောင်နေခဲ့တယ်။ ဒီလိုပုံစံမျိုး ခံစစ်ပိုင်းမှတဆင့် ပိုမိုကောင်းမွန်တဲ့ ရွှေ့လျားမှုတွေကို စတင်လုပ်ဆောင်နိုင်ခဲ့သင့်ပါတယ်။ တစ်ပွဲလုံးခြုံကြည့်လိုက်မယ်ဆိုရင် ပွဲကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ တချို့အချိန်တွေမှာတော့ စိတ်ဓါတ်ပိုင်းက ခွန်အားနဲ့ ပြင်းထန်မှု ချို့တဲ့နေတာမျိုးလည်း ရှိခဲ့ပါတယ်။ ကျွန်တော်တို့တွေ အလွန်ဆိုးရွားတဲ့ ဘောလုံးနောက်ပြန်ပေးမှုတွေ လုပ်ဆောင်ခဲ့သလို ကွင်းလယ်ကစားသမားတွေနဲ့အတူ ပြိုင်ဘက်ကို ဖိအားပေးမှုလည်း မလုပ်ဆောင်ခဲ့ပါဘူး။ ကျွန်တော်တို့ မှန်ကန်တဲ့ဘောလုံးပေးပို့မှုတွေ လုပ်ဆောင်ဖို့နဲ့ နေရာလွတ်တွေအများကြီးရရှိအောင် လုပ်သွားဖို့ လိုအပ်ပါတယ်”လို့ ဆိုပါတယ်။
ဒီနေ့ပွဲစဉ်မှာ ဂိုးပေါက်ကန်သွင်းမှုအချို့နဲ့အတူ အနည်းဆုံးသွင်းဂိုးတစ်ဂိုး ရရှိခဲ့သင့်တဲ့ တိုက်စစ်မှူးဆကာမက်ကာနဲ့ပတ်သက်လို့ စပယ်လက်တီက “သူ့ရဲ့ကန်သွင်းချက်နှစ်ကြိမ်ကို ပြိုင်ဘက်တွေ ကာကွယ်နိုင်ခဲ့သလို အခြားအချိန်တွေမှာလည်း အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ ဒါ ကောင်းပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် စပယ်လက်တီက ဘယ်အစွန်ဆီ ရောက်ရှိနေကာ ဗဟိုတိုက်စစ်ပိုင်းနဲ့ ပိုမိုနီးကပ်နေဖို့ လိုအပ်နေတဲ့ ချီယေဆာဆီ အော်ဟစ်တိုက်တွန်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါက ဂျူဗင်တပ်စ်မှာလည်း ချီယေဆာနဲ့ပတ်သက်လို့ နည်းပြအယ်လီဂရီ ကြုံတွေ့ခဲ့ရဖူးတဲ့ စိတ်ပျက်မှုတစ်ခု ဖြစ်ပါတယ်။
စပယ်လက်တီက “ဒါက သူ့ရဲ့နေရာဖြစ်ပါတယ်။ ချီယေဆာမှာ နောက်ချန်တိုက်စစ်မှူးအဖြစ် ကစားနိုင်တဲ့ အရည်အသွေးမျိုး ရှိပါတယ်။ သူ့ကို ဗဟိုတိုက်စစ်ပိုင်းနဲ့ နီးကပ်တဲ့နေရာမှာ ရှိနေစေခြင်းနဲ့အတူ ကမ္ဘာ့အဆင့်ကစားသမားနှစ်ဦးဆီကနေ အကောင်းဆုံးပုံစံကို ကျွန်တော်တို့ ရရှိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ချီယေဆာနဲ့ ကမ်ဘီယာဆိုက ကလပ်အသင်းအဆင့်မှာလည်း တွဲဖက်ကစားနေလို့ တစ်ယောက်အကြောင်း တစ်ယောက်ကောင်းကောင်းသိထားလို့ ဖြစ်ပါတယ်။ ဒါက သူ့အတွက် မတူညီတဲ့ ပြေးလွှားမှုနဲ့ နေရာယူမှုတွေ လုပ်ဆောင်ဖို့ အခွင့်အလမ်းတွေ ပေးပါတယ်”လို့ ရှင်းပြပါတယ်။
အခုပွဲစဉ်က အီတလီလက်ရွေးစင်အသင်းအတွက် ယူရို-၂၀၂၄ ပြိုင်ပွဲမစတင်ခင် နောက်ဆုံးသွေးပူလေ့ကျင့်ခန်းလည်း ဖြစ်ပါတယ်။ သူတို့တွေက အုပ်စုပွဲစဉ်တွေအဖြစ် ဇွန် ၁၅ ရက်မှာ အယ်လ်ဘေးနီးယား၊ ဇွန် ၂၀ ရက်မှာ စပိန်၊ ဇွန် ၂၄ ရက်မှာ ခရိုအေးရှားတို့နဲ့ ယှဉ်ပြိုင်သွားရပါမယ်။
“ကျွန်တော်တို့ လုပ်ဖို့ လိုအပ်နေတဲ့ အရာတွေကို လုပ်ဆောင်ခဲ့ပြီးဖြစ်လို့ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ လူစာရင်းတစ်ခုရှိနေပြီလို့ ယုံကြည်နေပါတယ်။ ဒီနောက်မှာ ကျွန်တော်တို့ စိတ်ဓါတ်အပြည့်နဲ့ ပြိုင်ပွဲဝင်သွားဖို့ပဲ လိုအပ်ပါတယ်။ ဒီလိုခြေစမ်းပွဲစဉ်မျိုးမှာ တိုးတက်ဖို့လိုအပ်နေတဲ့အရာတွေနဲ့အတူ လုံးဝမတူညီတဲ့ လူစာရင်းနှစ်ခု၊ လုံးဝမတူညီတဲ့ ချဉ်းကပ်မှုပုံစံနှစ်ခုနဲ့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်”လို့ စပယ်လက်တီက ရှင်းပြပါတယ်။