The network connection is lost.

Banner Image

ပြင်သစ်ကို ၅-၄ နဲ့အနိုင်ယူပြီး နေရှင်းလိဂ်ဗိုလ်လုပွဲသို့ စပိန်တက်ရောက်

သောကြာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ယူအီးအက်ဖ်အေနေရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ စပိန်ဟာ အသင်းရဲ့ပါရမီရှင်တောင်ပံကစားသမားလေး လာမိုင်းယာမယ်လ်ရဲ့သွင်းဂိုး ၂ ဂိုးအပါအဝင် ပြင်သစ်ကို ၅-၄ နဲ့အနိုင်ယူပြီး ဗိုလ်လုပွဲသို့တက်လှမ်းသွားခဲ့ပါတယ်။ 

ယခုပွဲစဉ်ဟာ သွင်းဂိုးတွေအတော်လေးမြိုင်ဆိုင်ခဲ့သလို၊ အကြိတ်အနယ်ရှိတဲ့ပွဲစဉ်ဖြစ်ခဲ့ပေမယ့် ပထမပိုင်းအတွင်းမှာတော့ စပိန်ကပဲ ဂိုးတွေစတင်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ နီကိုဝီလီယမ်စ်၊ မီခေးလ်မီရီနိုတို့ရဲ့သွင်းဂိုးတွေနဲ့ ပထမပိုင်းအတွင်းစပိန်ဟာ ပြင်သစ်ကို ၂ ဂိုးပြတ်ဦးဆောင်ခဲ့ပါတယ်။ 

ဒုတိယပိုင်းအစမှာလည်း စပိန်ကပဲဦးဆောင်ဂိုးတွေထပ်မံရရှိခဲ့ပြီး ယာမယ်လ်က သူ့ကြောင့်ရတဲ့ပင်နယ်တီမှတစ်ဆင့် တတိယဂိုးသွင်းယူကာ၊ ကွင်းလယ်လူ ပီဒရီက စတုတ္ထဂိုးထပ်မံသွင်းယူပေးခဲ့ပါတယ်။ ၄ ဂိုးအထိခွင့်ပြုလိုက်ရပြီးနောက်မှာတော့ ပြင်သစ်က တိုက်စစ်ဆင်မှုတွေဆက်တိုက်ပြုလုပ်ခဲ့ရာ ပင်နယ်တီပြစ်ဒဏ်ဘောရရှိခဲ့ပြီး အမ်ဘာပေက အမှားအယွင်းမရှိကန်သွင်းယူပေးခဲ့ပါတယ်။ 

သို့သော်လည်း စပိန်က ပဉ္စမမြောက်သွင်းဂိုးထပ်မံရရှိခဲ့ပြီး ယာမယ်လ်ကပဲ တစ်ကိုယ်တော်အစွမ်းနဲ့ ညာတောင်ပံမှ ဆွဲယူကန်သွင်းခဲ့တာဖြစ်ပါတယ်။ ရလဒ်က ၅-၁ အထိဖြစ်နေခဲ့ပေမယ့် ပြင်သစ်ကတော့ စိတ်ဓာတ်ပိုင်းရော၊ ကစားအားပါ ကျဆင်းသွားခြင်းမရှိဘဲ နောက်ကနေဂိုးတွေလိုက်သွင်းခဲ့လို့၊ ၅-၄ ဆိုတဲ့ရလဒ်အထိ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ယခုပွဲစဉ်ရဲ့ရလဒ်အရ ပြင်သစ်ဟာ တတိယနေရာလုပွဲမှာ ဂျာမနီနဲ့ရင်ဆိုင်သွားရမှာဖြစ်ပြီး စပိန်ကတော့ ဗိုလ်လုပွဲမှာ ပေါ်တူဂီနဲ့ ထိပ်တိုက်ရင်ဆိုင်သွားရပါမယ်။ 

ပွဲအပြီးမှာ ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမား ယာမယ်လ်က "ကျွန်တော်ရှိသမျှအကုန်ပေးဆပ်ပြီး ကစားသွားမယ်လို့ အမေ့ကိုပြောနေကျပါ။ မနက်မိုးလင်းတိုင်း ကျွန်တော့်ကိုတွန်းအားပေးနိုင်တဲ့အရာတစ်ခုက ဘောလုံးပါပဲ။ ပြင်သစ်မှာ ကမ္ဘာ့အဆင့်ကစားသမားတွေ အများကြီးရှိပါတယ်။ သူတို့မှာ အန္တရာယ်များတဲ့ကစားသမားတွေအများကြီးပါပဲ။ ပေါ်တူဂီကလည်း ကမ္ဘာ့အဆင့်ကစားသမားတွေပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ် ကျွန်တော်တို့ဆုဖလားကို အိမ်အရောက်သယ်လာနိုင်မယ်လို့မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

စပိန်အသင်းဟာ နည်းပြ လူးဝစ်ဒီလာဖွန်တေးရဲ့လက်အောက်မှာ အတော်လေးတိုးတက်လာခဲ့တယ်လို့ဆိုရမှာဖြစ်ပြီး ၂ နှစ်အတွင်း ရှုံးပွဲ ၁ ပွဲသာကြုံတွေ့ထားခဲ့ရကာ ယူရိုချန်ပီယံရှစ်ဆုဖလားကိုလည်း ဆွတ်ခူးထားနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်ဟာ နေရှင်းလိဂ်သမိုင်းတစ်ယောက် နှစ်သင်းပေါင်းသွင်းဂိုး ၉ ဂိုးအထိရှိခဲ့တဲ့ ပထမဆုံးပွဲစဉ်ဖြစ်လာသလို၊ ပြင်သစ်အနေနဲ့လည်း ၁၉၆၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ပွဲတည်းမှာ သွင်းဂိုး ၅ ဂိုးအထိခွင့်ပြုခဲ့ရတာလည်းဖြစ်ပါတယ်။ 

ပြင်သစ်အသင်းခေါင်းဆောင်အမ်ဘာပေက "ကျွန်တော်တို့ ဒီပွဲမှာ ခံစစ်ကအတော်လေးပေါက်ခဲ့ပါတယ်။ ပထမပိုင်းမှာ ၁၀ မိနစ်အတွင်း ၂ ဂိုးခွင့်ပြုခဲ့ရသလို၊ ဒုတိယပိုင်းမှာလည်း ဒီလိုပါပဲ။ မိနစ် ၉၀ အတွင်း တည်ငြိမ်တဲ့ခြေစွမ်းကိုမပြသနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တိုးတက်ခဲ့ပါတယ်။ အသင်းကရှုံးတဲ့အခါတိုင်း အနုတ်သဘောဆောင်တဲ့အချက်တွေရှိပေမယ့် ဒီပွဲမှာတော့ အပြုသဘောဆောင်တဲ့အချက်တွေလည်းရှိခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။