ယူရိုဖလားဆွတ်ခူးဖို့ဆိုရင် ဘယ်လင်ဟမ်ကိုပဲ အားကိုးနေလို့မရကြောင်း အင်္ဂလန်ကို သတိပေးလိုက်တဲ့ ဆောက်ဂိတ်
အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်က ယခုနှစ်ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲလိုတယ်ဆိုရင် ဂျုဒ်ဘယ်လင်ဟမ်ကိုပဲ အလွန်အမင်းအားကိုးနေလို့မရကြောင်း အသင်းရဲ့ကစားသမားတွေကို သတိပေးစကားဆိုလာခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ကွင်းလယ် ကြယ်ပွင့်ဘယ်လင်ဟမ်က ယမန်နေ့က ဆားဘီးယားကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အင်္ဂလန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ခေါင်းတိုက် သွင်းယူပေးခဲ့တာကြောင့် ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ပြီး အသင်းရဲ့ဟီးရိုးဖြစ်ခဲ့ပါတယ်။
လောလောဆယ်မှာ အသက်-၂၀ နှစ်အရွယ် ကစားသမား အင်္ဂလန်ရဲ့ အဓိကကစားသမားလိုဖြစ်နေတာကြောင့် ဆောက်ဂိတ်က အခြားအသင်းဖော်တွေကို ဘယ်လင်ဟမ်အပေါ်မှာပဲ မှီခိုမနေဖို့ သတိပေးလာခဲ့တာဖြစ်ပါတယ်။
ဆောက်ဂိတ်က “ဘယ်ကစားသမားမဆို ပွဲစဉ်တိုင်းမှာထွန်းတောက်နိုင်ပါတယ်။ ဂျုဒ်လုပ်ခဲ့သလို ကစားသမားတိုင်းလုပ်နိုင်ပါတယ်။ အသင်းရဲ့ ကြီးမားတဲ့ နိုင်ပွဲတွေရဲ့သမိုင်းကို ကြည့်လိုက်ရင် ကစားသမားတစ်ယောက်မဟုတ် တစ်ယောက်က အသင်းရဲ့ဟီးရိုးဖြစ်နေခဲ့တာပါပဲ။ ပြိုင်ပွဲကြီးတွေမှာ ဗိုလ်စွဲဖို့ဆိုရင်တော့ ဒီလိုတစ်ယောက်တည်းအပေါ် မှီခိုနေလို့မရပါဘူး” လို့ပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ကလည်း အင်္ဂလန်အသင်းမှာရွေးချယ်ခံထားရတဲ့ လုခ်ရှောဟာ မကြာမီမှာပဲ ပါဝင်ကစားနိုင်တော့မယ့်အကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ဘယ်နောက်ခံကစားသမားဟာ ဒဏ်ရာပြဿနာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းကစတင်ပြီး ကစားခွင့်မရခဲ့သော်လည်း ယခုအခါမှာတော့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံထားရတာဖြစ်ပါတယ်။
တန်ဟက်က “အုပ်စုပွဲစဉ်တွေပြီးသွားရင် လုခ်ရှောက အင်္ဂလန်အတွက် စတင်ကစားနိုင်ပါလိမ့်မယ်” လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အင်္ဂလန်ကစားသမားတွေဟာ မိသားစုနဲ့ ခဏတာတွေ့ခွင့်ရနေပြီး နောက်ပိုင်းမှာတော့ ဒိန်းမတ်နဲ့ယှဉ်ပြိုင်ဖို့ ပြင်ဆင်မှုတွေပြုလုပ်သွားရမှာဖြစ်ပါတယ်။