အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ အလွန်စိတ်ဝင်စားနေတဲ့ လိုက်ပ်ဇစ်တိုက်စစ်မှူး ဆက်စ်ကို
ဥရောပထိပ်တန်းကလပ်အသင်းတွေရဲ့ပစ်မှတ်ဖြစ်နေတဲ့ လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုဟာ အခုနွေရာသီကာလမှာ အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့အတွက် ဆန္ဒရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
ဂျီးဆပ်စ်ရဲ့ကြံ့ခိုင်မှုပိုင်းနဲ့ ပုံစံကောင်းရရှိဖို့ ရုန်းကန်နေရမှု၊ အန်ကတ်တီယာရဲ့ ခြေစွမ်းမပြနိုင်မှုတို့ကြောင့် ကိုင်ဟားဗက်ဇ်တစ်ဦးတည်းကိုသာ ဗဟိုတိုက်စစ်ပိုင်းအတွက် အားကိုးနေရတဲ့ အာတီတာက အခုအပြောင်းအရွှေ့ဈေးကွက်မှာ တိုက်စစ်ပိုင်းအင်အားဖြည့်တင်းဖို့ စိတ်အားထက်သန်နေပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ကလည်း အခုရာသီ၊ ပြိုင်ပွဲစုံ ၁၈ ဂိုးအထိ သွင်းယူထားနိုင်တဲ့ အသက်-၂၀ နှစ်အရွယ် ဆက်စ်ကိုရဲ့အလားအလာကို စိတ်ဝင်စားနေပြန်ပါတယ်။ ဒါပေမယ့် The Mirror သတင်းစာရဲ့အဆိုအရ ဆလိုဗေးနီးယားတိုက်စစ်မှူးရဲ့ အမ်းမရိတ်စ်ဆီ ပြောင်းရွှေ့လိုတဲ့ဆန္ဒနဲ့အတူ ဂန်နားတွေက ဒီအပြောင်းအရွှေ့တိုက်ပွဲမှာ ပြိုင်ဘက်တွေကိုကျော်ဖြတ်ပြီး ထိပ်ဆုံးမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။
ဆက်စ်ကိုက လိုက်ပ်ဇစ်ရဲ့ညီအစ်မကလပ်အသင်းဖြစ်တဲ့ ဆဲလ်ဘတ်နဲ့ လေးနှစ်ကြာလက်တွဲခဲ့ချိန်အတွင်း ၇၉ ပွဲကစား၊ ၂၉ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာတော့ သူက ဂျာမန်ဘွန်ဒက်စ်လီဂါကလပ်ဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။
ဆလိုဗေးနီးယားလက်ရွေးစင် အသင်းအတွက် ၂၈ ပွဲကစား၊ ၁၁ ဂိုးသွင်းယူပေးထားတဲ့ ဆက်စ်ကိုက ဂျာမန်မြေမှာလည်း အထင်ကြီးစရာပွဲဦးထွက်ဘောလုံးရာသီကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေးတန်ဖိုးမှာ ပေါင် ၄၃ သန်းအထိ ရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ဖူးပေမယ့် Sky Germany သတင်းဌာနကတော့ ကစားသမားရဲ့လတ်တလောပုံစံကောင်းတွေကြောင့် အခုအချိန်အပြောင်းအရွှေ့တန်ဖိုးဟာ ပေါင် ၆၄ သန်းအထိ မြင့်တက်သွားပြီလို့ ယူဆနိုင်ကြောင်း ရှင်းပြခဲ့ပါတယ်။
ဆက်စ်ကိုက ဂန်းနားတွေအတွက် ရေရှည်ကစားသမားသစ်စုဆောင်းမှုတစ်ခု ဖြစ်လာနိုင်ပြီး လွန်ခဲ့တဲ့လပိုင်းတွေအတွင်း အမ်းမရိတ်ဆီ ပြောင်းရွှေ့မယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေလည်း ဒီရေအလား မြင့်တက်လာခဲ့ပါတယ်။ တိုက်စစ်မှူးရဲ့အေးဂျင့်ဖြစ်သူ ဘာဆာနိုဗစ်ကလည်း ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်တို့နဲ့ကစားရတဲ့ အာဆင်နယ်ရဲ့ပွဲစဉ်တွေကို တက်ရောက်ကြည့်ရှုခဲ့ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာတော့ ဆက်စ်ကိုက အနာဂတ်မှာ အင်္ဂလန်မြေဆီ ပြောင်းရွှေ့မယ့် အလားအလာတွေနဲ့ပတ်သက်လို့ အရိပ်အမြွက်လောက် ထုတ်ပြောခဲ့ဖူးပါတယ်။
သူက “ နောက်ထပ်ပြောင်းရွှေ့ချင်တဲ့ ကလပ်အသင်းအကြောင်း ကျွန်တော် မစဉ်းစားနိုင်သေးပါဘူး။ လက်ရှိအချိန်ထိလည်း ကျွန်တော့်အတွက် အကြိုက်ဆုံးကလပ်အသင်းဆိုတာ မရှိပါဘူး။ ကိုယ်ရောက်နေတဲ့နေရာမှတဆင့် အမှန်ကန်ဆုံးဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့သာ ကျွန်တော့်အတွက် အရေးကြီးပါတယ်။ ကျွန်တော်ကတော့ ဒီကလပ်အသင်းအတွက်ပဲ အာရုံစိုက်ထားချင်ပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားကြတာပေါ့။ ဘာတွေဖြစ်လာဦးမလဲဆိုတာ ပြောဖို့ခက်ပါတယ်။ ကျွန်တော့်အတွက် ကောင်းတာရော၊ မကောင်းတာပါ ဖြစ်လာနိုင်ပါတယ်။ မှန်ပါတယ်၊ ပရီးမီးယားလိဂ်မှာကစားရမယ်ဆိုရင် ပျော်စရာအရမ်းကောင်းသွားပါလိမ့်မယ်။ ဒါပေမယ့် အခုတော့ ကိုယ်ရှိနေတဲ့နေရာအတွက်ပဲ အာရုံစိုက်ထားကြတာပေါ့”လို့ ပြောပါတယ်။
လိုက်ပ်ဇစ်က ကောင်းမွန်တဲ့ဘောလုံးရာသီတစ်ခု ပိုင်ဆိုင်ခဲ့ပြီး ဘွန်ဒက်စ်လီဂါအဆင့်-၄ နေရာနဲ့ ရာသီသိမ်းကာ လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ပိုင်ဆိုင်ခဲ့ပါတယ်။ ဆက်စ်ကိုကလည်း ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် နိုင်ငံတကာအဆင့်ပြိုင်ပွဲကြီး ဝင်ရောက်ယှဉ်ပြိုင်သွားမယ့် ဆလိုဗေးနီးယားအသင်းနဲ့အတူ ယူရို-၂၀၂၄ ပြိုင်ပွဲရှိရာအရပ်ဆီ ဦးတည်နေပါလိမ့်မယ်။